တရားမဝင် ရွေးကောက်ပွဲအပိုင်းတစ်အပြီး ရန်ကုန်လမ်းများပေါ် လူဖမ်းပွဲ ပြန်များလာ

ဓာတ်ပုံ - RSN

တရားမဝင်ရွေးကောက်ပွဲအပိုင်းတစ်အပြီးတွင် ရန်ကုန်မြို့ လမ်းများပေါ် လူလိုက်ဖမ်းခြင်းမှာ ပုံမှန် အတိုင်း ပြန်များလာကြောင်း သိရသည်။

မဲဆွယ်ကာလမှစ၍ ရန်ကုန်တွင် လူဖမ်းခြင်းများ အတန်ငယ် လျော့ပါးသွားခဲ့သော်လည်း ဒီဇင်ဘာ ၂၈ရက်၊တရားမဝင်ရွေးကောက်ပွဲအပိုင်းတစ်အပြီး၌ ယခင်ကအတိုင်း ပြန်များလာကြောင်း Rangoon Scout Network-RSN ထံက သိရသည်။

“ခုတလော ပုံမှန်အတိုင်း ပြန်များလာတာတွေ့ရတယ်ဗျ။ ရဲတွေ လိုက်ဖမ်းတာ ပိုတွေ့ရပါတယ်။ ညဘက် လမ်းဘေး ဘီယာသောက်လို့၊ မှောင်ရိပ်ခိုလို့ စသဖြင့် အကြောင်းပြပြီး လိုက်ဆွဲနေတာပါဗျ” ဟု RSN တာဝန်ရှိသူက MPAသို့ပြောသည်။

ယနေ့ ဇန်နဝါရီ ၉ ရက် ညဘက်တွင် သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းပေါ် ၁၀ ဈေးအကျော် အမှိုက်ပုံအနီး၌ ယောကျ်ားလေး ၂ ဦးကို ရဲဆလွန်းကား တစ်စီးဖြင့် ဖမ်းဆီးသွားသလို ဇန်နဝါရီ၈ရက်၊ ည၇နာရီ၄၅မိနစ်ခန့်ကလည်း ၁၀ ဈေးရှေ့၌ ယောကျ်ားလေး ၃ ဦး ရှိနေစဉ် သာကေတ အမှတ် ၂ ရဲစခန်းမှ ကင်းပတ်ကားတစ်စီး ရောက်ရှိလာပြီး ဖမ်းဆီးရာ ၂ ဦး ဖမ်းဆီးခံလိုက်ရကာ ကားပေါ်ဆွဲ တင် ခေါ်သွားကြောင်း ယင်း လူငယ်၃ဦးကို ဘီယာသောက်နေသည်ဟု စွပ်စွဲပြီး ဖမ်းခေါ်သွားပုံရ ကြောင်း RSN က ထုတ်ပြန်ထားသည်။

“လမ်းပေါ် လိုက်ဖမ်းပြီးနောက် တချို့တော့ ပိုက်ဆံပေး ပြန်လွတ်လာကြတယ်။ အများစုကိုတော့ နောက်ဆက်တွဲ ထပ်မသိရပါဘူးဗျ”ဟု ၎င်းက ဆက်လက်ပြောသည်။

ရန်ကုန်ရဲများသည် ရွေးကောက်ပွဲကာလ လုံခြုံရေးအကြောင်းပြဖြင့် လိုက်လံဖမ်းဆီးနေခြင်းဖြစ် ပြီး ငွေမပေးနိုင်သူများကို စစ်မှုထမ်းဈေးကွက်ထဲသို့ ရောင်းစားနေကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ် ထံက သိရသည်။