ကျွန်းစု ပျူစခန်းကို PDF စီးနင်းသိမ်းပိုက်၊ ကြံ့ဖွံ့ဗီနိုင်းများ သိမ်းဆည်းရမိ

ဓာတ်ပုံ - မြိတ်ခရိုင် အမှတ်တစ် တပ်ရင်း။
ပုံစာ - သိမ်းဆည်းရမိသည့်ပစ္စည်းများနှင့် တိုက်ပွဲဝင် မြိတ်ခရိုင် အမှတ်တစ် တပ်ရင်း ရဲဘော်များ။

တနင်္သာရီတိုင်း ၊ ကျွန်းစုမြို့နယ်ရှိ ပျုစောထီးစခန်းတစ်ခုကို PDF တို့ စီးနင်းသိမ်းပိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး ကြံ့ဖွံ့တံဆိပ်ဗီနိုင်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၉ ရက်၊ ည ၇ နာရီခန့်တွင် ကျွန်းစုမြို့နယ်၊ တောင်သုံးလုံးကျေးရွာတွင် အင်အား ၁၅ ဦးခန့်ဖြင့် တပ်စွဲထားသည့် ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျူ‌စောထီးတို့ စခန်းစွန့်ခွာထွက်ပြေးသွားကြကြောင်း မြိတ်ခရိုင် အမှတ်တစ် တပ်ရင်းက သတင်းထုတ်ပြန် ထားသည်။

“ထိတွေ့တိုက်ပွဲက ၁၀ မိနစ်ဝန်းကျင်လောက်ပါပဲ။ ပျူတွေကတော့ ဦးတည်ရာမဲ့ ထွက်ပြေးသွား ကြတယ်။ စစ်ကူရောက်လာတာမျိုးတော့ မရှိဘူး။ နောက်ဆက်တွဲ အခြေအနေကိုတော့ မသိရသေးပါဘူးဗျ”ဟု မြိတ်ခရိုင် အမှတ်တစ် တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ယင်းတိုက်ခိုက်မှုအပြီး နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် G3 သေနတ် တစ်လက် ၊ ကျည်ဘောက် ၃ ခု ၊ ကျည်အချို့ ၊ ကျည်ကာဦးထုပ် တစ်လုံး ၊ Equipment ၂ ခု ၊ စကားပြောစက် တစ်လုံး ၊ ဖိနပ်တစ်ရံ ၊ ကျောပိုးအိတ် တစ်လုံး ၊ ကြံ့ဖွံ့ပါတီတံဆိပ် ဗီနိုင်းစတစ်ကာနှင့် အခြားစစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သေးကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို မြိတ်ခရိုင် အမှတ်တစ် တပ်ရင်းနှင့် ပုလောမြို့နယ် ပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။

ပျူစောထီး သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။