မင်းလှမြို့လယ် မဲရုံအနီး မိုင်းပေါက်ကွဲ၊ ပြည်သူများ မဲပေးမှု နည်းပါးဟုဆို

ဓာတ်ပုံ - ပေးပို့
ပုံစာ - မင်းလှမြို့‌၌ ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်နေစဉ်

ပဲခူးတိုင်း၊ မင်းလှမြို့လယ်ရှိ မဲရုံအနီးတွင် ယနေ့နံနက်ပိုင်း၌ မိုင်းပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယနေ့ ( ဇန်နဝါရီ ၁၁ ရက် ) တရားမဝင်ရွေးကောက်ပွဲ အပိုင်း ၂ မပြုလုပ်မီ နာရီပိုင်းအလို၊ နံနက် ၄နာရီ ၂၅မိနစ်ခန့်က မင်းလှမြို့လယ်၊ လမ်းမတော်လမ်း၊ တရုတ်ကျောင်း မဲရုံအနီးနှင့် ဇန်နဝါရီ ၁၀ရက်၊ညနေ ၅နာရီခန့်ကမင်းလှမြို့နယ်၊ လက်ပံရေကျော်အုပ်စု၊ အမှတ်၁ မဲရုံစောင့် စစ်အုပ်စုဝင်များ ဝင်ထွက်နေသော အဝင်လမ်း၌ မိုင်းဖောက်ခွဲခဲ့ကြောင်း မင်းလှမြို့နယ်ပြည်သူ ကာကွယ်ရေးအဖွဲ့ထံက သိရသည်။

” မိုင်းက တစ်လုံးစီပဲခွဲခဲ့တာပါ။ မဲရုံနဲ့သိပ်မဝေးဘူး။ ကပ်နေတာပဲ။ လုံခြုံရေးယူထားတဲ့ မဲရုံတွေ အနား လုပ်ရတာမို့ အန္တရာယ်လည်း များတယ်။ ပြည်သူမထိခိုက်အောင်လုပ်ရတာပါ။ ပြည်သူ ထိခိုက်မှုလည်း မရှိဘူး။ စစ်သားထိခိုက်သေဆုံးတော့မသိရဘူး ” ဟု မင်းလှမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့၊ ပြန်ကြားရေးတာဝန်ခံက MPA ကို ပြောသည်။

‌ရွေးကောက်ပွဲပြုလုပ်နေသည့် ယနေ့နံနက်ပိုင်းတွင် စစ်အုပ်စုဝင် အင်အား ၃၀၀ ခန့်က မင်းလှမြို့ထဲ၌ ကင်းလှည့်နေကာ လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။

” ပြည်သူတွေ မဲပေးတာရှိတယ်။ နည်းတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

မိုင်းခွဲတိုက်ခိုက်မှုများကို မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုတို့က ပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် မြို့ပေါ်နှင့် ကျေးရွာအုပ်စုပေါင်း ၅၄ အုပ်စု ရှိသည့်အနက် ကျေးရွာအုပ်စု ၉ အုပ်စု၌ ရွေးကောက်ပွဲမလုပ်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။