ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် AA နှင့် ARSA တို့တိုက်ပွဲဖြစ်ပွား ARSA ဘက်မှ သေဆုံးမှုများပြားခဲ့

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဖမ်းဆီးထားသည့် ARSA တပ်ဖွဲ့ဝင်အချို့

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် အာရက္ခတပ်တော်(AA)နှင့် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ARSA တို့ကြား တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယနေ့(ဇန်နဝါရီ ၁၁ရက်)၊ နံနက် သုံးနာရီခွဲခန့်တွင် နတ်မြစ်ဗ၊ ကျီးကျွန်းပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြး ARSA ဘက်မှ ကျဆုံးမှုများပြားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဒီနေ့တိုက်ပွဲက တော်တော်လေးကိုပြင်းတယ်။ နတ်မြစ်ထဲမှာရှိတဲ့ ကျွန်းပေါ်မှာဖြစ်ကြတာ။ အာဆာအဖွဲ့ဝင် သုံးဆယ်ကျော် လေးဆယ်နီးပါးကျတယ်လို့သိရတယ်။ ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းကို ပြေးတဲ့သူတွေလည်း ပြေးကြတယ်”ဟု ၎င်းက MPA သို့ပြောသည်။

ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းသို့ ထွက်ပြေးသွားသည့် ARSAတပ်ဖွဲ့ဝင်အချို့ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGBက ဖမ်းဆီးလိုက်ကြောင်း အဆိုပါ ဒေသခံက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းတွင် ခြေကုတ်ယူထားသည့် ARSA အဖွဲ့သည် ရခိုင်ဘက်ခြမ်းသို့ နပ်စပ်ဖြတ်ကျော်ဝင်ရောက်လှုပ်ရှားလာသောကြောင့် AA ၏လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နယ်ခြားမှတ်တိုင်အမှတ် ၃၅၊ ၃၆ ၄၅၊ ၄၆ အနီးဝန်းကျင်တို့တွင် မနက်ပိုင်းမှစတင်ကာ ပစ်ခတ်သံအဆက်မပြတ်ကြားခဲ့ရကြောင်း မောင်တော ဒေသခံနောက်တစ်ဦးက‌ ပြောသည်။

“အာဆာအဖွဲ့တွေ အလုံးအရင်းနဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာလို့ အေအေနဲ့ တိုက်ပွဲဖြစ်ကြတယ်ထင်တယ်။ ‌ည ၃ နာရီကျော်ကတည်းက သေနတ်သံတွေ နေရာအနှံ့က ကြားနေရတယ်”ဟု ၎င်းက ပြောသည်။

‌ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အာရက္ခတပ်တော်(AA)နှင့် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တို့ကြားမကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလေ့ရှိပြီး ယနေ့ဖြစ်ပွားခဲ့သည့်တိုက်ပွဲမှာ ပြင်းထန်ခဲ့ကြောင်း ‌ဒေသခံများကဆိုကြသည်။

ယခုရက်ပိုင်းအတွင်း နယ်စပ်တစ်လျှောက်ကို AAဘက်က အင်အားတိုးချမှုများလည်းရှိနေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် အာရက္ခတက်တော်(AA)၏ လုံခြုံရေးကင်းစခန်းတစ်ခုကို ARSAအဖွဲ့က ခြုံခိုတိုက်ခိုက်ရာကနေ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ထို့အပြင် ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် ARSA၊ RSO၊ARA တို့သည် မောင်တောမြို့နယ်အတွင်းရှိ အရပ်သားပြည်သူများကိုပါ ခြုံခိုတိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်းတို့ကို မကြာခဏ ပြုလုပ်လျက်ရှိသည်။