ယနေ့ (ဇန်နဝါရီ ၁၁) ရန်ကုန်မြို့ရှိ မဲရုံများတွင် လာရောက်မဲပေးကြသူများကို လေ့လာကြည့်ပါက လူငယ်လူရွယ်များအား မတွေ့ရသလောက်နည်းပါးပြီး အသက်အရွယ်ကြီးရင့်သည့် အဘိုးအဘွားများကိုသာ အများဆုံး မြင်တွေ့နေရသည်။
မဲရုံအချို့တွင် လူစည်ကားနေသည်ဟု ထင်ရသော်လည်း ယင်းသည် ပြည်သူတို့၏ စစ်မှန်သော ဆန္ဒဖြင့် ကြည်ကြည်ဖြူဖြူ လာရောက်ကြခြင်း မဟုတ်ပေ။
ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ အိမ်တိုင်ရာရောက် လိုက်လံခေါ်ယူမှုများနှင့် မဲမပေးပါက ဒုက္ခပေးမည်ဟူသော ခြိမ်းခြောက်သံများကြောင့်သာ သက်ကြီးရွယ်အို ဘိုးဘွားများ မဲရုံများဆီသို့ ရောက်လာခဲ့ကြရခြင်း ဖြစ်သည်။
မဲလာပေးကြသည့် အဘိုးအဘွားများ၏ မျက်နှာများကို ကြည့်ရှုလိုက်လျှင်ပင် စိတ်ပါလက်ပါ မရှိကြောင်းနှင့် စိုးရိမ်ပူပန်မှုများကို အထင်းသား မြင်တွေ့နေရသည်။
ကြီးမားသည့် ဖိအားအောက်တွင် လူထုသည် ၎င်းတို့၏ တကယ့်ဆန္ဒအမှန်ကို ထုတ်ဖော်ခွင့် ပိတ်ပင်ခံထားရကြောင်း ယနေ့မြင်ကွင်းများက သက်သေပြနေသည်။
စစ်ကော်မရှင်အနေဖြင့် မဲရုံရှေ့မှ လူအုပ်ကြီးကို ပြသကာ ၎င်းတို့၏ ရွေးကောက်ပွဲကြီး အောင်မြင်နေသယောင် ဆက်လက်၍ ဝါဒဖြန့်ကောင်း ဖြန့်နေဦးမည်ဖြစ်သည်။
သို့သော် လက်တွေ့မြေပြင်တွင်မူ ဤအဖြစ်အပျက်သည် ပြည်သူ့ဆန္ဒ တစ်စုံတစ်ရာ မပါဝင်ဘဲ ခြိမ်းခြောက်မှုဖြင့် တည်ဆောက်ထားသော ဇာတ်လမ်း တစ်ပုဒ်သာ ဖြစ်သည်။
မဲစက်ခလုတ်ကို ဘယ်လိုပင် အတင်းအကျပ် နှိပ်ခိုင်းပါစေ၊ ပြည်သူလူထု၏ ရင်ထဲတွင်မူ ဤရွေးကောက်ပွဲသည် မည်သည့်အခါကမျှ တရားဝင်မှု မရှိခဲ့ဘူးဆိုသည်ကို ဤဓာတ်ပုံမှတ်တမ်းများက ပြောပြနေပါသည်။


















