အုပ်ချုပ်ရေးနယ်မြေရဖို့ စစ်ရေးအရ တိုက်ယူခဲ့ရဟု TNLA ဗိုလ်ချုပ်ကြီးဆို

အုပ်ချုပ်ရေးနယ်မြေရရှိရန် စစ်ရေးအရ တိုက်ယူခဲ့ရကြောင်း PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီးတား အိုက်ဘုန်းက ပြောသည်။

ယနေ့(ဇန်နဝါရီ၁၂ရက်)ကျရောက်သော ၆၃နှစ်မြောက် တအောင်းအမျိုးသားတော်လှန်ရေးနေ့ ဂုဏ် ပြုမိန့်ခွန်းတွင် ၎င်းက အုပ်ချုပ်ရေးနယ်မြေရရှိရန် နိုင်ငံရေး၊လူမှုရေးဆောင်ရွက်ချက်များနှင့် ဆွေး နွေးအဖြေရှာကာ ရရှိခဲ့ခြင်း မဟုတ်ဘဲ တအောင်းတိုင်းရင်းသားရဲဘော်များ၏ အသက်၊သွေးချွေး များ ဖြင့် ပြောင်မြောက်သည့် တိုက်ပွဲများက တစ်ဆင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

“ဒီလိုဂုဏ်ဒြပ်မြင့်မားတဲ့တန်ဖိုးကို အရာရှိ၊အရာခံ၊ရဲဘော်၊ရဲမေများ မှတ်သားထားကြဖို့ လိုအပ်ပါ တယ်။နယ်မြေစစ်ဆင်ရေးကာလအတွင်း တအောင်းအာဇာနည်ရဲဘော်တွေ ကိုယ်လက်အင်္ဂါနဲ့ အသက်ပေါင်းမြောက်မြားစွာ ပေးဆပ်ခဲ့ကြရပါတယ်”ဟု ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းက ပြော သည်။

၂၀၂၅ခုနှစ်အတွင်း လျင်မြန်သည့် နိုင်ငံရေးအပြောင်းအလဲများနှင့်အတူ စစ်ရေးကဏ္ဍကလည်း သိသိ သာသာ လိုက်ပါပြောင်းလဲခဲ့ကြောင်း ယခုတိုက်ပွဲရပ်နားထားချိန်အတွင်း မိမိတို့ဒေသ တည်ငြိမ်လုံခြုံ အေးချမ်းစေရေးအတွက် စုပေါင်းအားနှင့် တာဝန်ယူကြရမှာဖြစ်ကြောင်း တိုက်ပွဲကာလအတွင်း နစ် နာဆုံးရှုံးခဲ့ကြသည့် ဒေသခံလူထု၏ အိုးအိမ်၊ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊အများပြည်သူအ ဆောက်အအုံ၊ ဆေးရုံနှင့် လမ်းတံတားတို့ကို တတ်နိုင်သမျှ ပြုပြင်သွားရမှာဖြစ်ကြောင်းလည်း ဆို သည်။

PSLF/TNLA အနေနှင့် ဒေသတည်ငြိမ်လုံခြုံရေးအတွက် ပြည်သူများနှင့်အတူ မည်သို့သောအခက်အ ခဲများ ရှိစေကာမူ အတူလက်တွဲ ရင်ဆိုင်ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ကြောင်း ဗိုလ်ချုပ်ကြီး တား အိုက်ဘုန်းက ပြောသည်။

တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုကြောင့် ၂၀၂၅ခုနှစ်၊အောက်တိုဘာ၂၈ရက်တွင် တပ်မတော်နှင့် TNLAတို့ အပစ်အခတ်ရပ်စဲနိုင်ခဲ့ရာ ၆၃နှစ်မြောက် တအောင်းအမျိုးသားတော်လှန်ရေးနေ့အခါသ မယတွင် တအောင်းပြည်နယ်ဒေသအသီးသီး၌ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်တန့်ပြီး လေကြောင်းနှင့် လက် နက်ကြီးနှင့် ပစ်ခတ်ခံရခြင်းမှ ပြည်သူတို့ သက်သာခွင့်ရလာခဲ့ကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဗဟိုကော်မတီ၏ ၆၃နှစ် မြောက် တအောင်းအမျိုးသားတော် လှန်ရေးနေ့ သဘောထားထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“TNLA ရဲ့ ၆၃နှစ်မြောက် ထုတ်ပြန်ချက်တွေကို ချုပ်ပြောရရင် တော်လှန်ရေးလေသံတွေ တော်တော် လျော့လာတာ တွေ့လာရတယ်။ပြီးတော့ ဗဟိုကော်မတီရဲ့ ထုတ်ပြန်ချက်ထဲမှာ ထူးထူးခြားခြား တပ်မတော် ဆိုတဲ့အသုံး သုံးထားတာ တွေ့ရတယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင် တစ်ဦးက MPAသို့ ပြောသည်။

မြန်မာနိုင်ငံတစ်ဝန်း ပစ်ခတ်တိုက်ခိုက်မှုများ အဆုံးသတ်ပြီး စစ်မှန်သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု များ ပေါ်ပေါက်လာစေရန် ဆန္ဒပြုကြောင်းလည်း PSLF/TNLA ဗဟိုကော်မတီက ထုတ်ပြန်ထား သည်။