စစ်တပ်ပြုလုပ်သည့် အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ပြသသည့်အနေဖြင့် မွန်ပြည်နယ် ၊ ရေးနှင့်မုဒုံမြို့နယ်အတွင်းရှိ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲ အပိုင်း ၂ ပြုလုပ်သည့် ဇန်နဝါရီ ၁၁ ရက်တွင် စစ်တပ်အထိုင်ချထားသော ရေးမြို့နယ်ရှိ နေရာ ၃ ခု၊ မုဒုံမြို့နယ်ရှိ နေရာတစ်ခုနှင့် ဇန်နဝါရီ ၁၀ ရက်၌ မုဒုံမြို့နယ် ကမာဝက်မြို့ပေါ်တို့၌ စစ်ရေးဖော်ဆောင်ခဲ့ကြောင်း ရာမညမွန်တပ်တော်(RMA)က ယနေ့ (ဇန်နဝါရီ ၁၂ ရက်) သတင်းထုတ်ပြန်ထားသည်။
” အဓိက ကျနော်တို့ အတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်း ပြသခြင်းဖြစ်တယ်။ ကျနော် တို့လည်း စစ်အုပ်စုကနေ ကျင်းပနေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်လက်မခံကြောင်း ထုတ်ပြပြီးသား လည်း ဖြစ်သလို အခုလိုမျိုး တိုက်ပွဲနဲ့ ဖော်ဆောင်ပြသတာပေါ့နော်။ သို့ပေမယ့်လည်း ကျနော်တို့ စစ်ရေးပစ်မှတ်ဖြစ်တဲ့ တပ်စခန်းတွေကိုပဲ ကျနော်တို့ တိုက်ပွဲဖော်ဆောင်နေခြင်း ဖြစ်တာပေါ့”ဟု NMSP(AD)/RMA ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက MPA သို့ပြောသည်။
ဇန်နဝါရီ ၁၁ ရက်၊ နံနက် ၄ နာရီခန့်တွင် ရေးမြို့နယ် အစင်ကျေးရွာထိပ် စစ်တပ်ဂိတ်ကို အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးကာ ၁ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ၊ ယင်းနေ့ နံနက် ၈ နာရီခန့် ရေးမြို့ပေါ်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၉) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံး၊ ရေးမြို့နယ် ၊ ကလော့ကျေးရွာအနီးရှိ အမြောက်တပ်ရင်း(အမတ ၃၁၆) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် ရှော့တိုက်ဒုံးများမှာ စစ်တပ်အဝန်းအဝိုင်း အတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ ရန်သူ ထိခိုက်သေဆုံးမှုကို ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း ရာမညမွန်တပ်တော်(RMA)က ထုတ်ပြန်ထားသည်။
အစင်ကျေးရွာထိပ် တိုက်ပွဲနှင့် ပတ်သက်၍ ” အလစ်အငိုက်ကျနော်တို့ တိုက်ခိုက်တယ်။ လက်ဦးမှု ရယူခဲ့တယ်။ တိုက်ပွဲကတော့ ၁၅ မိနစ်လောက်ပဲ ဖြစ်သွားပြီးတော့ ရန်သူဘက်က ၃ ဦးသေဆုံးပြီး တော့ တစ်ဦး အပြင်းအထန် ဒဏ်ရာရတယ်။ ဒါကတော့ ကျနော်တို့ တိုက်ပွဲဝင်ရဲဘော်တွေရဲ့ မျက်မြင်ကိုယ်တွေ့ဖြစ်တယ်”ဟု ၎င်းက ဆက်လက်သည်။
ဇန်နဝါရီ ၁၁ ရက်၊ နံနက် ၈ နာရီဝန်းကျင်တွင် မုဒုံမြို့၊ ကမာဝက်မြို့အခြေစိုက် ခမရ ၂၀၉ တပ်ရင်းထဲသို့ ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဇန်နဝါရီ ၁၀ ရက် နေ့လယ်ကလည်း ကမာဝက်မြို့ရှိ မဲရုံများကို စစ်ဘက်ဆိုင်ရာ တာဝန် ရှိသူများက စစ်ဆေးနေစဉ် ဒရုန်းဖြင့် ဗုံးသီး တစ်လုံး ကြဲချခဲ့ရာ ၃ ဦး ဒဏ်ရာရရှိခဲ့သေးကြောင်း သိရသည်။
“၁၀ ရက်က ကျနော်တို့ သတင်းအရ စစ်ဘက်က တာဝန်ရှိသူတွေက လာရောက်ပြီးတော့ မဲရုံတွေကို စစ်ဆေးတဲ့ အချိန်မှာ ဒရုန်းဗုံးသီး ကြဲချတာပေါ့နော်။ အားလုံး ဘယ်နှစ်ယောက်ရှိနေမှန်းတော့ ကျနော်လည်း အတိအကျမသိဘူးပေါ့နော်။ သူတို့ဘက်က ၃ ဦး ဒဏ်ရာရတယ်လို့ပဲ သိရတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ဇန်နဝါရီ ၁၁ ရက်တွင် တရားမဝင်ရွေးကောက်ပွဲ အပိုင်း ၂ကို မွန်ပြည်နယ်အတွင်းရှိ ဘီးလင်း ၊ မုဒုံ ၊ သံဖြူဇရပ် ၊ ရေးနှင့် ပေါင်မြို့နယ်တို့၌ ပြုလုပ်ခဲ့သည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
