ဂျပန်က ပင်လယ်ပြင်အတွင်း မြေရှားသတ္တုရှာဖွေမှုစတင်

ဓာတ်ပုံ - Ryoko Shimonoya
ပုံစာ - ဂျပန်နိုင်ငံ၊ ရှီဇူအိုကာစီရင်စုရှိ ရှိမိဇုဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် မြေရှားသတ္တုများ ရှာဖွေမည့် Chikyu သင်္ဘောအား ဇန်နဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်

တရုတ်နိုင်ငံမှ စက်မှုလုပ်ငန်းအတွက်အရေးပါသည့်သတ္တုများ တင်သွင်းနေရမှုကို လျှော့ချရန် လုပ်ဆောင်နေသည့် ဂျပန်က မြေရှားသတ္တုများကို လေ့လာရှာဖွေရန် စတင်လုပ်ဆောင်နေသည့်။

ယင်းအစီအစဉ်အတွက် တိုကျိုမြို့၏ အရှေ့တောင်ဘက် ကီလိုမီတာ ၁,၉၀၀ (၁,၂၀၀ မိုင်) အကွာရှိ Minamitori ကျွန်းအနီးတွင် Chikyu ရှာဖွေရေးသင်္ဘောဖြင့် လေ့လာမှုများကို တစ်လကြာ လုပ်ဆောင်မည်ဖြစ်သည်။

ယခုလုပ်ငန်းသည် ၆ ကီလိုမီတာ (၄ မိုင်) နက်သော ပင်လယ်ကြမ်းပြင်မှ ရှားပါးသတ္တုပါဝင်သည့် ရွှံ့နွံများကို သင်္ဘောပေါ်သို့ အဆက်မပြတ် ဆွဲတင်နိုင်မည့် ကမ္ဘာ့ပထမဆုံးအကြိမ် ကြိုးပမ်းမှုလည်း ဖြစ်သည်။

ဂျပန်နိုင်ငံသည် အနောက်နိုင်ငံများနည်းတူ မော်တော်ကား၊ စမတ်ဖုန်းနှင့် စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သော အဆိုပါသတ္တုများအတွက် တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချလျက်ရှိသည်။

ဂျပန်အစိုးရက ထောက်ပံ့ထားသည့် အဆိုပါ စီမံကိန်း၏ အကြီးအကဲဖြစ်သူ ရှိုအိချီ အီရှီအိ က “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တစ်ခုကတော့ စက်မှုလုပ်ငန်းတွေအတွက် လိုအပ်တဲ့ သတ္တုတွေကို တည်ငြိမ်စွာ ထောက်ပံ့ပေးနိုင်ဖို့ ပြည်တွင်းဖြစ် ရှားပါးသတ္တု ထောက်ပံ့ရေးကွင်းဆက်တစ်ခု တည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်” ဟု ပြီးခဲ့သည့်လတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အပတ်က တရုတ်နိုင်ငံသည် အရပ်ဘက်နှင့် စစ်ဘက် နှစ်မျိုးလုံးတွင် အသုံးပြုနိုင်သော ပစ္စည်းအချို့နှင့် အရေးကြီးသတ္တုများကို ဂျပန်စစ်ဘက်သို့ တင်ပို့ခြင်းအား ပိတ်ပင်ခဲ့သည်။

ထို့အပြင် တရုတ်အစိုးရက ဂျပန်နိုင်ငံသို့ ရှားပါးသတ္တု တင်ပို့မှုများကို ယခင်ထက် ပိုမိုကျယ်ပြန့်စွာ ကန့်သတ်ရန် စတင်နေပြီဖြစ်ကြောင်း Wall Street Journal က ဖော်ပြခဲ့သည်။

G7 စက်မှုထိပ်သီးနိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများသည်လည်း ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ဝါရှင်တန်မြို့၌ ကျင်းပမည့် အစည်းအဝေးတွင် ရှားပါးသတ္တု ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြမည် ဖြစ်သည်။

ဂျပန်နိုင်ငံသည် ၂၀၁၀ ပြည့်နှစ်ကလည်း အရှေ့တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားကျွန်းစုများအနီး ဖြစ်ပွားခဲ့သော ဖြစ်ရပ်တစ်ခုကြောင့် တရုတ်နိုင်ငံ၏ ရှားပါးသတ္တု တင်ပို့မှု ရပ်ဆိုင်းခြင်းကို ကြုံတွေ့ခဲ့ရဖူးသည်။

ထိုအချိန်မှစ၍ ဂျပန်သည် တရုတ်အပေါ် မှီခိုနေရမှုကို ၉၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည်။

၂၀၁၀ ပြည့်နှစ် ဖြစ်ရပ်ပြီးနောက် ဂျပန်အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီများသည် အဆိုပါသတ္တုများကို အရန်သိုလှောင်ထားခဲ့ကြသော်လည်း ပမာဏကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ယခင်က ရွှံ့နွံများထဲမှ သတ္တုတူးဖော်ခြင်းမှာ ကုန်ကျစရိတ်ကြီးမားသဖြင့် တွက်ခြေမကိုက်ဟု ယူဆခဲ့ကြသော်လည်း၊ တရုတ်နိုင်ငံဘက်မှ ထောက်ပံ့မှု အနှောင့်အယှက်များ ဆက်ရှိနေပြီး ဝယ်ယူသူများက စျေးနှုန်းမြှင့်ပေးရန် ဆန္ဒရှိပါက ယခုစီမံကိန်းမှာ နောင်နှစ်များတွင် အလားအလာရှိလာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။