မင်းတုန်းတွင် မဲပုံးပို့ရန် စစ်ကြောင်းထိုးလာသည့်တပ် တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးဟုဆို

ဓာတ်ပုံ - သရက်ခရိုင်အမှတ် ၄ တပ်ရင်း
ပုံစာ - သရက်ခရိုင်အမှတ် ၄တပ်ရင်းမှ တိုက်ပွဲဝင်ရဲဘော်များ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် မဲပုံးများပို့ရန် နယ်မြေရှင်း စစ်ကြောင်းထိုးလာသည့် စစ်တပ် တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဇန်နဝါရီ ၁၂ ရက်၊ နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် မင်းတုန်းမြို့ပေါ်၌ ပြုလုပ်ခဲ့သည့် အတုအယောင်ရွေးကောက်ပွဲမှ မဲပုံးများကို သရက်မြို့သို့ ပို့ဆောင်ရန်အတွက် မင်းတုန်း-သရက်လမ်းပိုင်းပေါ် အင်အား ၂၅၀ ကျော်ဖြင့် နယ်မြေရှင်းစစ်ကြောင်းထိုးနေသည့်တပ်အား မင်းတုန်းမြို့နယ်၊ သဖန်းကိုင်းရွာအနီး မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်းက သတင်းထုတ်ပြန်သည်။

” မဲပေးပြီးသား ပုံးတွေပေါ့နော်။ မင်းတုန်းက သူတို့ရွေးကောက်ပွဲအပိုင်း ၂ ကို ဒီ ၁၁ ရက်နေ့ (ဇန်နဝါရီ ၁၁ ရက်) မှာ ပြုလုပ်တယ်။ ပြုလုပ်ပြီးတော့ ဒီမဲပုံးတွေကို သရက်ကိုပို့ဆောင်ဖို့အတွက်ကို ဒီ သရက်-မင်းတုန်းလမ်းပိုင်းမှာ သူတို့ အနေနဲ့ ကြားဖြတ်တိုက်ခိုက်ခံရတာတွေရှိတယ်။ ရှိတဲ့အတွက် သူတို့ ဒီဥစ္စာအတွက်ကိုလည်း ဒီလအစောပိုင်း ၅ ရက်နေ့ကတည်းက သရက်ဘက်ကနေ ဒီ အင်အား ၂၅၀၊ ၃၀၀ လောက်ဖြည့်တင်းပြီးတော့ သရက်-မင်းတုန်းလမ်းပိုင်းတွေ၊ မင်းတုန်းမြို့နဲ့ မင်းတုန်းမြို့ ပတ် ဝန်းကျင်တွေကို လုံခြုံရေးယူထားတာ။ အဲ့ဥစ္စာတွေကို ဒီ ၁၁ ရက်နေ့မှာ ပြုလုပ်ပြီးတော့ မဲပေးပြီး သား မဲပုံးတွေကို ပို့ဆောင်နိုင်ဖို့အတွက် ဒီ အင်အား ၂၅၀ လောက်က မင်းတုန်းကနေ သရက်လမ်းပိုင်း ကို နယ်မြေရှင်းစစ်ကြောင်းထိုးလာတာပါ။ ခြေလျင်။ အဲ့ဒါကို ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ” ဟု သရက်ခရိုင်အမှတ် ၄ တပ်ရင်း၊ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က MPA သို့ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်သား ၄ ဦး သေဆုံးခြင်းကို မျက်မြင်တွေ့ရှိခဲ့ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

” ၄ ဦးမျက်မြင်သေဆုံးပြီးတော့ နောက်ထပ်ထိခိုက်ဒဏ်ရာရတာတွေ ရှိနိုင်ပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းစစ်ကြောင်းနောက်တွင် မဲပုံးများတင်ဆောင်လာသည့် ကား ၆စီးပါလာကြောင်းသိရသည်။

” သူတို့ ရဲ့နောက်မှာမှ မင်းတုန်းမြို့ပေါ်က အရပ်သားရဲ့ကား Light truck ကားလေးတွေနဲ့ ဖောကားတွေနဲ့ အားလုံးပေါင်း ၆ စီးပေါ့။ ချောဆွဲလာတာရှိတယ်။ အဲ့ကားတွေက သူတို့ရဲ့ နောက်မှာပေါ့နော်” ဟု ၎င်းကပြောသည်။

တိုက်ခိုက်မှုပြီးနောက် ယင်းစစ်ကြောင်းသည် သဖန်းကိုင်းရွာ ဘုန်းကြီးကျောင်းအတွင်း ယနေ့ နံနက်ပိုင်းထိ တပ်စွဲထားပြီး သရက်မြို့သို့ မဲပုံးများ ရောက်၊ မရောက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၅၉အုပ်စုတွင် ရွေးကောက်ပွဲမလုပ်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

စစ်အုပ်စုဝင်များ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။