ပဲနွယ်ကုန်းတွင် စစ်ကြောင်းပျက်သည်အထိ စစ်တပ် ချေမှုန်းခံရ၊ ဗိုလ်မှူးတစ်ဦးအပါ ၂၀ ခန့် သေဆုံး၊ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ

ဓာတ်ပုံ - ပဲခူးခရိုင် ၊ ၃၇၀၂ တပ်ရင်း
ပုံစာ - တိုက်ပွဲဝင် PDF ရဲဘော်များနှင့် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ

ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့တွင် စစ်ကြောင်းပျက်သည်အထိ စစ်တပ် ချေမှုန်းခံရပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သား၂၀ခန့် သေဆုံးကာ ဒဏ်ရာရသူလည်း များကြောင်း သိရသည်။

ယနေ့(ဇန်နဝါရီ ၁၂ ရက်) နံနက် တစ်နာရီခွဲခန့်တွင် ပဲနွယ်ကုန်းမြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီးရှိ ကြိမ်ခါးကုန်း ကျေးရွာသို့ ဝင်ရောက်လာသည့် အင်အား၁၀၀ ခန့်ရှိ စစ်ကြောင်းကို PDFတို့ တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းပျက်ကာ ကစဉ့်ကလျားဖြင့် ဆုတ်ခွာထွက် ပြေးသွားခဲ့ကြောင်း ပဲခူးခရိုင် ၊ ၃၇၀၂ တပ်ရင်းက ယနေ့(ဇန်နဝါရီ ၁၂ ရက်) ညနေပိုင်း၌ သတင်း ထုတ် ပြန်သည်။

“စစ်ကြောင်းက ပဲနွယ်ကုန်းက ထွက်တာပါ။ ပဲနွယ်ကုန်းနဲ့ ခုဖြစ်တဲ့ကြိမ်ခါးကုန်းကတော့ နီးနီးလေးပါ။ အောင်မြင်စစ်ဆင်ရေးကြောင့် စစ်ကြောင်းထိုးတာပါ။ အပေါ်က ဖိအားပေးတာလည်း ပါမယ်။ တောကျွဲအင်းလို လမ်းဟောင်းပေါ်အထိအတိုက်ခံရလို့။ တောကျွဲအင်းပွဲကတည်းက သူတို့ လူစုနေပါပြီ၊ ပဲနွယ်ကုန်းမှာ “ဟု ၃၇၀၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ယင်းတိုက်ပွဲတွင် ၆၀ မမ ပြောင်းရှည် တစ်လက် ၊ ၆၀ မမ ပြောင်းတို ၂ လက် ၊ RPG တစ်လက် ၊ MA1 သေနတ် ၇ လက် ၊ MA2 သေနတ် ၂ လက် ၊ MA3 သေနတ် ၂ လက် ၊ MA11 ၃ လက် ၊ ‎၆၀ မမ ဗုံးသီး ၂၄လုံး ၊ အီနာဂါ ဗုံးသီး ၂၄ လုံး ၊ ‎RPG ဗုံးသီး ၂ လုံး ၊ RPG ပို့ယမ်း ၂ တောင့် ၊ ‎၄၀ မမ အသီး ၉လုံး ၊ ကျည်ဘောက်အစုံ ၉ ခု ၊ ၁၈မိုင်း ၃လုံး ၊ ၁၄မိုင်း ၃ လုံး ၊ ‎ဦးထုပ် ၁၃ လုံး၊ ၅.၅၆ ကျည် ၂၀၀ တောင့် ၊ ‎၇.၆၂ ကျည် ၁၅၀ တောင့် ၊ ကျောပိုး ဂျန်ပါ တစ်ခုနှင့် ‎ဆက်သွယ်ရေးစက် တစ်ခုတို့ သိမ်းဆည်းရမိခဲ့သည်။

“သူတို့အလောင်းက ကြိမ်ခါးကုန်းမှာပဲ ကျနော်တို့ဘက်က လုပ်ပေးထားပါပြီ။ အဲဒီ ရွာမှာလည်း သူတို့မရှိတော့ဘူး။ ပဲနွယ်ကုန်းကို ပြန်ဆုတ်သွားတာပါ။ မနက်ကတော့ လေကြောင်းပစ်တယ်။ စစ်ကြောင်းထပ်ထိုးလာတာမျိုး ခုချိန်ထိတော့ မရှိသေးဘူး။ စစ်ရေးကတော့ တင်းမာနေပါတယ်”ဟု ယနေ့ညပိုင်းတွင် ၎င်းက ပြောသည်။

ယင်းတိုက်ခိုက်မှုကို အမှတ်၂ စစ်ဆင်ရေးနယ်မြေ ၊ ပဲခူးတိုင်းစစ်ဌာန ၊ ဗျူဟာ ၂၅ ကွပ်ကဲမှုအောက်ရှိ ၃၇၀၂တပ်ရင်းနှင့် ပူးပေါင်းတပ်ဖွဲ့များဖြစ်သော အထူးကွန်မန်ဒိုတပ်ရင်း(P-29914) ၊ ဗျူဟာ ၂၆ ကွပ်ကဲမှုအောက်ရှိ အမှတ်၃၇၀၃တပ်ရင်း(Fire Dragon)နှင့် တော်ဝင်ဒေါင်းတပ်ရင်း(P-29913)တို့ ပူးပေါင်း ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။

ယင်းတိုက်ပွဲတွင် PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာအနည်းငယ်ရခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၉ ရက်တွင် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ တောကျွဲအင်း(ခ)အောင်မြင်မြို့ကို အောင်မြင်စစ်‌ဆင်ရေးအနေဖြင့် PDF များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်စစ်တပ်က ကညွတ်ကွင်းနှင့် ကျောက်တံခါးမြို့နယ်ဘက်ကပါ စစ်ကူများ ပို့နေခြင်း ဖြစ်သည်။

စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။