ယူကရိန်းစစ်မျက်နှာတွင် ရုရှားတပ်ဖွဲ့များက Starlink တပ်ဆင်ထားသည့် မြင်းစီးတပ်နှင့် ကုလားအုတ်တပ်များကို အသုံးပြုလာ

ဓာတ်ပုံ - Telegraph
ပုံစာ - စစ်မြေပြင်အတွင်း အင်တာနက်အသုံးပြုနိုင်ရန်အတွက် ရုရှားနိုင်ငံက မြင်းများပေါ်တွင် Starlink ဂြိုဟ်တုစလောင်းပြားများ တပ်ဆင်ထားပုံ

ရုရှားစစ်သားများက ယူကရိန်းရှေ့တန်းစစ်မျက်နှာတွင် မြင်းစီးတပ်နှင့် ကုလားအုတ်တပ်များကို အသုံးပြုရာတွင် မြင်းကုန်းနှီးများပေါ်တွင် Starlink ဂြိုဟ်တုဆက်သွယ်ရေးစက်များ၊ စက်ပစ္စည်းများ၊ အရန်ဘက်ထရီများနှင့် အခြားဆက်စပ်ပစ္စည်းများကို တပ်ဆင်နေသည့် ဓာတ်ပုံတစ်ပုံ ထွက်ပေါ်လာခဲ့သည်။

ဇန်နဝါရီလ ၈ ရက်နေ့က Telegraph သတင်းဌာန၏ ဖော်ပြချက်အရ ယူကရိန်းအရှေ့ဘက်စစ်မျက်နှာတွင် ရုရှားစစ်ဘက်ဆိုင်ရာတပ်ဖွဲ့များသည် လိုအပ်ချက်ကို ယာယီမှု အနေဖြင့် မြင်းစီးတပ်များကို ပိုမိုအသုံးပြုလာကြကြောင်း သိရသည်။

ရုရှားပုဂ္ဂလိကမီဒီယာတစ်ခုဖြစ်သည့် ‘Astra’ က ၎င်း၏ Telegram ချန်နယ်တွင် လက်ကိုင်ဖုန်းဖြင့် ရိုက်ကူးထားသည်ဟု ယူဆရသော ဗီဒီယိုဖိုင်တစ်ခုကို ထုတ်လွှင့်ခဲ့သည်။

အဆိုပါ ဗီဒီယိုတွင် မြင်းကုန်းနှီးပေါ်၌ သံချောင်းနှစ်ချောင်းကို တွဲဆက်ထားပြီး ၎င်းအပေါ်တွင် Starlink စက်ပစ္စည်းတစ်ခုကို တပ်ဆင်ထားသည်ကို တွေ့ရသည်။ စစ်သားတစ်ဦးဟု ယူဆရသူတစ်ဦး၏ ရုရှားဘာသာစကားဖြင့် “ငါတို့ ဒါကို ဒီမှာ ဂဟေဆော်ထားတာ” နှင့် “အရာအားလုံးက ကောင်းကောင်းအလုပ်လုပ်တယ်” ဟု ရှင်းပြနေသည့် အသံလည်း ပါရှိခဲ့သည်။

အစောပိုင်းကလည်း ရုရှား အမှတ် ၅၁ တပ်ရင်း၏ အမှတ် ၉ တပ်မဟာမှ “Storm” တပ်ဖွဲ့သည် ဒိုးနက်စ် ဒေသတွင် မြင်းစီးတိုက်ခိုက်ရေးအဖွဲ့များကို ဖြန့်ကျက်ရန် ကြိုးပမ်းနေသည့် လက္ခဏာများ ရှိနေကြောင်း သတင်းဌာနက ပြီးခဲ့သည့် အောက်တိုဘာလတွင် ဖော်ပြခဲ့ဖူးသည်။

ထို့အပြင် ယခင်ကလည်း ပုံမှန်ယာဉ်များ သွားလာရန် ခဲယဉ်းသော ဒေသများတွင် ခဲယမ်းမီးကျောက်များနှင့် အခြားစက်ကိရိယာများကို သယ်ယူပို့ဆောင်ရန် ရုရှားတပ်ဖွဲ့များက မြည်းများ၊ မြင်းများနှင့် ကုလားအုတ်များကို အသုံးပြုနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ယူကရိန်း ၉၂ ခုမြောက် တပ်မဟာက ထုတ်ပြန်ခဲ့သော ဗီဒီယိုတစ်ခုတွင် လယ်ကွင်းတစ်ခုအတွင်း မြင်းစီးနေသော ရုရှားတပ်ဖွဲ့ဝင်များကို ယူကရိန်းဒရုန်းများက လိုက်လံတိုက်ခိုက်နေသည်ကို တွေ့ရသည်။

ထိုစဉ်က အမှတ် ၉၂ တပ်ရင်း က “ရုရှားကျူးကျော်တပ်ဖွဲ့တွေဟာ ‘အသားကြိတ်စက်’ (Meat grinder) ပုံစံ တိုက်ခိုက်မှုတွေကြောင့် စစ်အသုံးအဆောင်တွေ အလွန်အမင်း ဆုံးရှုံးခဲ့ရပြီး မြင်းတွေကို အသုံးမပြုဘဲ မနေနိုင်တော့တဲ့ အခြေအနေဖြစ်နေတယ်” ဟု ပြောကြားခဲ့သည်။ “အသားကြိတ်စက် တိုက်ခိုက်မှု” ဆိုသည်မှာ ရုရှားတပ်ဖွဲ့များက အကျအဆုံးများပြားမှုကို ဂရုမစိုက်ဘဲ စစ်သားများကို ဆက်တိုက်ထိုးစစ်ဆင်ခိုင်းသည့် နည်းဗျူဟာကို ဆိုလိုခြင်းဖြစ်သည်။

Telegraph သတင်းဌာနက “ယူကရိန်းစစ်ပွဲဟာ ဒရုန်းတွေလိုမျိုး လျင်မြန်တဲ့ နည်းပညာတိုးတက်မှုတွေ ရှိနေပေမဲ့ ရုရှားတပ်ဖွဲ့တွေကတော့ နည်းလမ်းဟောင်းတွေကို ပြန်လည်အသုံးပြုနေတာတွေ ရှိနေပါတယ်” ဟု မှတ်ချက်ပြုခဲ့ပြီး မြင်းစီးတပ်များသာမက ဆိုင်ကယ်များ သို့မဟုတ် တောင်တက်စက်ဘီးများ အသုံးပြုသည့် စစ်သားများကိုလည်း စစ်မြေပြင်တွင် တွေ့မြင်နေရကြောင်း ဖော်ပြခဲ့သည်။