အီရန် ဆန္ဒပြပွဲများအတွင်း သေဆုံးသူအရေအတွက် မြင့်တက်လာချိန်တွင် အစိုးရက တန်ပြန်ဆန္ဒပြပွဲများ ပြုလုပ်

အီရန်အာဏာပိုင်တွေဟာ သူတို့ကို ဆန္ဒပြသူတွေကို ပြန်ထိန်းချုပ်နိုင်ဖို့အတွက် နိုင်ငံတစ်ဝန်းမှာ အစိုးရထောက်ခံပွဲကြီးတွေကို ကျင်းပခဲ့ပါတယ်။

အစိုးရရဲ့ တိုက်တွန်းချက်ကြောင့် ဇန်နဝါရီ ၁၂ ရက်က လူပေါင်းသောင်းနဲ့ချီပြီး ထွက်လာကြတာကို နိုင်ငံရဲ့ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ကြိုဆိုလိုက်ပြီး၊ ဒါဟာ ပြည်ပစွက်ဖက်မှုကြောင့်ဖြစ်တဲ့ ဆန္ဒပြပွဲတွေကို အနိုင်ရလိုက်တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အီရန်ခေါင်းဆောင်တွေဟာ ဒေသတွင်း သြဇာအာဏာ ကျဆင်းလာနေသလို၊ စီးပွားရေး အကျပ်အတည်းကြောင့် စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေကနေ အခုဆိုရင် ဘာသာရေးအခြေခံ အစိုးရစနစ်ကို ဖြုတ်ချဖို့အထိ တောင်းဆိုလာတဲ့ ပြင်းထန်တဲ့ ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်နေရတာပါ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နဲ့ ကုန်သွယ်မှုလုပ်နေတဲ့ ဘယ်နိုင်ငံကိုမဆို သွင်းကုန်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ဇန်နဝါရီ ၁၂ ရက် မှာ ကြေညာလိုက်ပါတယ်။

ထရန့်က Truth Social လူမှုကွန်ရက်မှာ “အခုချက်ချင်းပဲ အကျိုးသက်ရောက်စေရမယ်။ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံနဲ့ စီးပွားရေးလုပ်တဲ့ ဘယ်နိုင်ငံမဆို အမေရိကန်နဲ့ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းအားလုံးအပေါ်မှာ အခွန် ၂၅ ရာခိုင်နှုန်း ပေးဆောင်ရမယ်” လို့ ရေးသားခဲ့ပါတယ်။

နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ အီရန်ကိုယ်စားလှယ်အဖွဲ့ကတော့ ထရန့်ရဲ့ ဒီအခွန်ကြေညာချက်အပေါ် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

အမေရိကန်ရဲ့ ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေကို ခံထားရတဲ့ အီရန်ဟာ ၎င်းရဲ့ ရေနံအများစုကို တရုတ်နိုင်ငံဆီ တင်ပို့နေတာဖြစ်ပြီး တူရကီ၊ အီရတ်၊ အာရပ်စော်ဘွားများနိုင်ငံနဲ့ အိန္ဒိယတို့ဟာလည်း အီရန်ရဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံတွေ ဖြစ်ပါတယ်။

အီရန်မှာဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းမှုကြောင့် သေဆုံးသူ ၆၄၈ ဦး ထက်မနည်းရှိသွားပြီလို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုက ဇန်နဝါရီ ၁၂ ရက်နေ့မှာ ပြောပါတယ်။

နော်ဝေအခြေစိုက် Iran Human Rights အဖွဲ့ကတော့ ဆန္ဒပြပွဲအတွင်း ကလေးငယ် ၉ ဦးအပါအဝင် လူပေါင်း ၆၄၈ ဦး သေဆုံးခဲ့တာကို အတည်ပြုနိုင်ခဲ့ပြီး ထောင်နဲ့ချီတဲ့သူတွေ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သေဆုံးသူအရေအတွက်ဟာ ဒီထက်အများကြီး ပိုများနိုင်ပြီး “အချို့သော ခန့်မှန်းချက်တွေအရ ၆,၀၀၀ ကျော်တောင် ရှိနိုင်တယ်” လို့ သတိပေးထားပါတယ်။

အမေရိကန်သမ္မတ ထရန့်ကတော့ အီရန်က ဆန္ဒပြသူတွေကို သတ်ဖြတ်ရင် စစ်ရေးအရ ဝင်ရောက်စွက်ဖက်မယ်လို့ အကြိမ်ကြိမ် ခြိမ်းခြောက်ထားပါတယ်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူကလည်း လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်ရေးနည်းလမ်းတွေဟာ “စဉ်းစားရမယ့်အထဲမှာ ရှိနေဆဲ” ဖြစ်ပေမဲ့ “သံတမန်နည်းလမ်းကတော့ သမ္မတအတွက် အမြဲတမ်း ပထမဦးစားပေးပဲ” လို့ တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

စီးပွားရေး အခက်အခဲကြောင့် စတင်ခဲ့တဲ့ ၂ ပတ်ကျော်ကြာ ဆန္ဒပြပွဲတွေဟာ ၁၉၇၉ အစ္စလာမ္မစ်တော်လှန်ရေးနောက်ပိုင်း အီရန်ကို အုပ်ချုပ်လာတဲ့ ဘာသာရေးအခြေခံ စနစ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။

အီရန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ရုရှားနိုင်ငံကတော့ အီရန်ရဲ့ ပြည်တွင်းရေးမှာ “ပြည်ပအင်အားစုတွေ” ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းနေတာကို ရှုတ်ချကြောင်း ပထမဆုံးအကြိမ် တုံ့ပြန်ပြောကြားထားကြပါတယ်။