မင်္ဂလာဆောင်သည်အထိ မသုံးစွဲရန် နှစ်ဦးသဘောတူ စုဆောင်းထားသည့် ပူးတွဲဘဏ်အကောင့်ထဲမှ ငွေကြေးအမြောက်အမြား ပျောက်ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည့် သတို့သမီးဖြစ်သူက စစ်ဆေးရာ သတို့သားလောင်းက ၎င်းအနေဖြင့် အဆိုပါရန်ပုံငွေထဲမှ ငွေများကို အခါအားလျော်စွာ ထုတ်ယူခဲ့မိကြောင်း ဝန်ခံခဲ့သည်။
ဓာတ်ပုံဆရာအတွက် ငွေပေးချေရန် အကောင့်ထဲ၌ ငွေအလုံအလောက်ရှိမရှိ စစ်ဆေးကြည့်သောအခါ လက်ကျန်ငွေမှာ ခန့်မှန်းထားသည်ထက် များစွာလျော့နည်းနေသည်ကို မိန်းကလေးက တွေ့ရှိခဲ့ခြင်းဖြစ်သည်။
သတို့သမီးက လွန်ခဲ့သည့် တစ်နှစ်အတွင်း ပြုလုပ်ခဲ့သော ငွေကြေးလွှဲပြောင်းမှု မှတ်တမ်းအားလုံးကို ထုတ်ပြရန် တောင်းဆိုခဲ့ရာ သတို့သားလောင်းသည် စုစုပေါင်း ဒေါ်လာ ၃,၀၀၀ ခန့်ကို ထုတ်ယူသုံးစွဲထားကြောင်း ပေါ်ပေါက်ခဲ့သည်။
အဆိုပါငွေများကို ချက်ခြင်း ပြန်မထည့်ပါက မင်္ဂလာပွဲဖျက်သိမ်းမည်ဟုလည်း မိန်းကလေးက ခြိမ်းခြောက်ခဲ့သည်။
“ဒီပိုက်ဆံတွေကို ဒီနေ့အတွင်း အကောင့်ထဲကို အကုန်ပြန်ထည့်ရမယ်၊ မဟုတ်ရင် မင်္ဂလာပွဲကို ဖျက်သိမ်းမယ်လို့ ကျွန်မ သူ့ကို ပြောလိုက်ပါတယ်” ဟု r/AmITheA**hole ဟုအမည်ရသည့် Reddit လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သတို့သမီးက ရေးသားထားသည်။
အသက် ၃၀ အရွယ်ရှိ အဆိုပါစုံတွဲသည် ၂၀၂၄ ခုနှစ်ကတည်းက စေ့စပ်ထားခြင်းဖြစ်ပြီး မင်္ဂလာဆောင်အသုံးစရိတ်အတွက်သာ သီးသန့်ထားရှိသည့် ပူးတွဲအကောင့်တစ်ခုတွင် ငွေစုဆောင်းခဲ့ကြသည်။ သတို့သမီးက တစ်လလျှင် ဒေါ်လာ ၂၀၀ ထည့်ဝင်ပြီး သတို့သားလောင်းက ဒေါ်လာ ၈၀၀ ထည့်ဝင်ရန် သဘောတူထားခြင်း ဖြစ်သည်။
သတို့သားလောင်းက ၎င်းတွင် ငွေအပြည့်အဝမရှိသေးကြောင်းနှင့် လာမည့်တစ်လအတွင်း အရစ်ကျ ပြန်ဆပ်မည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်။
သို့သော် သတို့သမီးက ထိုကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပြီး ငွေအားလုံးကို ချက်ချင်းပြန်မထည့်ပါက မင်္ဂလာပွဲကို ဖျက်သိမ်းမည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။
ငွေများ ချက်ချင်းပြန်ဆပ်ရန် တောင်းဆိုခြင်းကြောင့် သတို့သားလောင်းအနေဖြင့် မိသားစု သို့မဟုတ် သူငယ်ချင်းများထံမှ ချေးငွေတောင်းခံရဖွယ်ရှိပြီး ယင်းကိစ္စတွင် အခြားသူများပါ ပါဝင်ပတ်သက်လာနိုင်ကြောင်းလည်း သူမက ပြောကြားသည်။
အဆိုပါပို့စ်အောက်တွင် ထောင်နှင့်ချီသည့် မှတ်ချက်များကို ရေးသားခဲ့ကြသည်။
“ဘယ်သူက မှားတယ်၊ မှန်တယ်ဆိုတာကို ခဏမေ့ထားလိုက်ပါ။ ဒီလူကို လက်မထပ်ပါနဲ့။ သူက ပိုက်ဆံတွေကို ဒီနေ့ပြန်ဆပ်ဆပ်၊ နောက်လမှဆပ်ဆပ်၊ ဒါမှမဟုတ် လုံးဝမဆပ်ဘဲနေနေ၊ ဒီလိုလူမျိုးကို လက်ထပ်လိုက်ရင် သင်ကိုယ်တိုင်ပဲ နစ်နာပါလိမ့်မယ်” ဟု မှတ်ချက်ပေးသူတစ်ဦးက ရေးသားခဲ့သည်။
အခြားမှတ်ချက်ပေးသူတစ်ဦးကလည်း “မင်းရဲ့စုဆောင်းငွေတွေကို အခုချက်ချင်း ပြန်ထုတ်လိုက်ပါ။ တစ်ပြားမကျန် ထုတ်ပြီးတော့ သူဝင်ကြည့်လို့မရတဲ့ အကောင့်သစ်တစ်ခုထဲမှာ ထည့်ထားပါ။ သူက ဘယ်လိုလူစားမျိုးလဲဆိုတာ ပြနေတာပဲ။ သူက ပိုက်ဆံချေးပြီး ပြန်ဆပ်ရင်တောင်မှ ဒါဟာ ပိုက်ဆံတစ်မျိုးတည်းနဲ့ဆိုင်တဲ့ ကိစ္စမဟုတ်တော့ဘူး။ ဒါဟာ ယုံကြည်မှုနဲ့ ပတ်သက်တဲ့ အခြားအချက်တွေ အများကြီး ပါဝင်နေပါတယ်” ဟု အကြံပြုထားသည်။
