ထိုင်းနိုင်ငံတွင် ကျား၊ မ တန်းတူညီမျှရေး လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် အမျိုးသမီးများအနေဖြင့် သက်ဆိုင်သူအားလုံး၏ သဘောတူညီချက်ဖြင့် လင်ယောက်ျား လေးဦးအထိ ယူခွင့်ပြုမည့် မူဝါဒ အဆိုပြုချက်တစ်ခုကို Thai Alternative ပါတီမှ ဝန်ကြီးချုပ်လောင်းဖြစ်သူ မွန်ဂွန်ကစ် ဆွတ်ဆင်သရာနွန်က မကြာသေးမီက လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
“ကျား၊ မ တန်းတူညီမျှမှု ရှုထောင့်အရဆိုရင် အပြန်အလှန် သဘောတူညီချက် ရှိမယ်ဆိုရင် အမျိုးသမီးတွေကို လင်ယောက်ျား လေးဦးထက်မပိုဘဲ ယူခွင့်ပြုသင့်တယ်” ဟု မွန်ဂွန်ကစ် ဆွတ်ဆင်သရာနွန်က ရေးသားခဲ့သည်။
ယင်း အဆိုပြုချက်သည် အွန်လိုင်းအသုံးပြုသူများအကြား လျင်မြန်စွာ အာရုံစိုက်ခြင်းခံခဲ့ရပြီး၊ ယင်းမှာ တိုးတက်သော အတွေးအခေါ်ကို ထင်ဟပ်ခြင်းလော၊ နိုင်ငံရေးအရ သရော်ခြင်းလော သို့မဟုတ် အငြင်းပွားဖွယ်ရာ ဆွေးနွေးမှုဖြစ်အောင် တမင်ဖန်တီးခြင်းလော ဆိုသည်ကို ငြင်းခုံလျက်ရှိကြသည်။
ယခုအဆိုပြုချက်သည် ရိုးရာမူဝါဒများထက် လူအများအာရုံစိုက်စေမည့် ပြောဆိုချက်များဖြင့် နာမည်ကျော်ကြားသူ မွန်ဂွန်ကစ်၏ ထူးခြားဆန်းပြားသော မူဝါဒအသစ်များထဲမှ နောက်ဆုံးတစ်ခု ဖြစ်သည်။
သူသည် ယခင်ကလည်း ထိုင်းနိုင်ငံအတွက် “အာကာသတပ်ဖွဲ့” (Space force) ဖွဲ့စည်းရန်၊ ကျဆင်းလာသော မွေးဖွားနှုန်းကို ဖြေရှင်းရန် ကိုယ်ဝန်ဆောင် အမျိုးသမီးများကို ငွေကြေးထောက်ပံ့ရန်၊ အလုပ်လုပ်ကိုင်နိုင်သော အရွယ်ရှိ နိုင်ငံသားများကို လစာတိုးပေးရန် အပြန်အလှန်အားဖြင့် နေ့စဉ် လေ့ကျင့်ခန်းလုပ်ရန်နှင့် နျူကလီးယားလက်နက် ပိုင်ဆိုင်ရေးအပါအဝင် စစ်တပ်ကို အင်အားတောင့်တင်းအောင် လုပ်ဆောင်ရန် စသည်ဖြင့် အကြံပြုခဲ့ဖူးသည်။
လင်ယောက်ျား အများအပြား ယူခွင့်ပြုမည့် မူဝါဒကို ဥပဒေကြောင်းအရ သော်လည်းကောင်း၊ လူမှုရေးအရ သော်လည်းကောင်း မည်သို့ အကောင်အထည်ဖော်မည်ကို မွန်ဂွန်ကစ်က ရှင်းလင်းပြောကြားခြင်း မရှိသေးသော်လည်း၊ ယင်းထုတ်ပြန်ချက်သည် ထိုင်းနိုင်ငံ၏ လူထုအသိုင်းအဝိုင်းအတွင်း အိမ်ထောင်ရေးဥပဒေ၊ ကျား၊ မ ရပိုင်ခွင့်များနှင့် နိုင်ငံရေးအရ မည်သို့ အဓိပ္ပါယ်သက်ရောက်စေမည်စသည့် အခန်းကဏ္ဍတို့နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများ ဖြစ်ပေါ်စေလျက်ရှိသည်။
