ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့အနီးတွင် ယနေ့နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ PDF ရဲဘော် ၃ ဦးကျဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ ( ဇန်နဝါရီ ၁၃ ရက် )၊ နံနက် ၃ နာရီခန့်တွင် ရန်ကုန် – ပြည်လမ်းပိုင်း၊ ကြို့ပင်ကောက်မြို့အနီး ရှမ်းလမ်းကွင်းကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” အသေးစိတ်တော့ မပြောနိုင်သေးပေမဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာ ဟုတ်ပါတယ်။ ရဲဘော် ၃ဦးကျဆုံးပါ တယ်။ အလောင်းပြန်မရသေးပါဘူး။ ရန်ကုန် – ပြည် ကားလမ်းဘေးက ရွာပါ။ မြို့နဲ့လည်း သိပ်မဝေးဘူး ” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က MPA ကို ပြောသည်။
ယနေ့ မွန်းလွဲ ၂ နာရီခန့်အထိ စစ်ရေးအခြေအနေ တင်းမာနေကြောင်း သိရပြီး တိုက်ပွဲအခြေအနေကို သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ခြင်းမရှိသေးပေ။
ယင်းတိုက်ပွဲအခြေအနေကို ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ တာဝန်ရှိသူထံ MPA က ဆက်သွယ်မေးမြန်းခဲ့ရာ ” မြေပြင်အခြေအနေမှာ စစ်ဆင်ရေးကာလဖြစ်လို့ ဖြေမရသေးပါဘူး ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ရှမ်းလမ်းကွင်းရွာသည် ကြို့ပင်ကောက်မြို့နှင့် ၂ မိုင်ခန့်သာ ကွာဝေးသည်။
ဇန်နဝါရီ ၈ ရက်က ကြို့ပင်ကောက်မြို့ကို PDFတို့ ဝင်တိုက်မည်ဟု သတင်းများထွက်ပေါ်နေ သောကြောင့် စစ်တပ်က မြို့အဝင်လမ်းပိုင်းအချို့ကို ဘက်ဟိုးဖြင့်ဖျက်ဆီးပစ်ခဲ့ကာ မြို့လုံခြုံရေးအတွက် စစ်အင်အားတိုးမြှင့်ခြင်းနှင့် လက်နက်ကြီး ဖြည့်တင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၇ ရက်က ရန်ကုန် – ပြည်လမ်းပိုင်းရှိ မြို့နယ်များဖြစ်သည့် နတ်တလင်း၊ ဇီးကုန်းနှင့် မင်းလှမြို့နယ်များအတွင်းရှိ စစ်တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းကာ တစ်ပြိုင်နက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၄၀ ခန့် သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။
