မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် မဲပုံးပို့ရန်အတွက် နယ်မြေရှင်း စစ်ကြောင်းထိုးလာသည့်တပ် PDF တိုက်ခိုက်ခြင်းခံရပြီးနောက် ရွာမီးရှို့ကာ ဒေသခံများကို ဖမ်းဆီးထားကြောင်းသိရသည်။
ဇန်နဝါရီ ၁၂ရက်က မင်းတုန်းမြို့ပေါ်မှ မဲပုံးများကို သရက်မြို့သို့ ပို့ရန်အတွက် သရက်-မင်းတုန်းလမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်တပ်အား သဖန်းကိုင်းရွာအနီး၌ PDFတို့ တိုက်ခိုက်ခဲ့ပြီးနောက် အနီးရှိ ပုဇင်းဒါးရွာကို ယနေ့ (ဇန်နဝါရီ ၁၃ရက်) နေ့ခင်း ၁၁နာရီဝန်းကျင်၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
” အဲ့ရွာက ဒီဒေသခံတွေကို စာသင်ကျောင်းမှာ ဖမ်းထားပြီးတော့ ရွာကို မီးရှို့နေပါတယ်” ဟု သရက်ခရိုင်အမှတ် ၄တပ်ရင်း၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က MPA သို့ပြောသည်။
ဒေသခံပြည်သူများက ထွက်ပြေးတိမ်းရှောင်ခြင်းမရှိသဖြင့် ရွာလုံးကျွတ်နီးပါး ဖမ်းဆီးခံထားရပြီး မီးရှို့ဖျက်ဆီးခံရသည့် အခြေအနေကိုမူ မသိရှိရသေးပေ။
” အဲ့ဘက်က ဒီသဖန်းကိုင်းတို့၊ ပုဇင်းဒါးတို့ ရွာတွေက သူ့ဟာနဲ့သူ ပုံမှန်အနေအထားရှိနေတဲ့ဟာတွေပေါ့နော်။ ကျနော်တို့ကလည်း ဒီနေရာတွေမှာ စစ်ရေးစစ်ရာ လှုပ်ရှားလာတာရှိတယ်ပေါ့။ လှုပ်ရှားနေတာပေါ့။ လှုပ်ရှားခဲ့တာပေါ့။ အဲ့တော့ ဒီအခြေအနေတွေမှာ ကျေးရွာခံ ဒေသခံတွေကလည်း သူတို့ပုံမှန်အနေထားအတိုင်းပဲ နေနေကြတဲ့ အခြေအနေပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
ပုဇင်းဒါးရွာသည် အိမ်ခြေ ၁၈၀ဝန်းကျင်ရှိပြီး မင်းတုန်းမြို့နှင့် မိုင် ၂၀ခန့် ကွာဝေးသည်။
ဇန်နဝါရီ ၁၂ရက်၊ သဖန်းကိုင်းရွာအနီးတိုက်ပွဲတွင် စစ်သား ၄ဦးသေဆုံးခဲ့ကြောင်း သိရသည်။
