ထီးလင်းမြို့နယ်တွင် မူးယစ်ဆေးဝါးပြန့်ပွားမှုနှင့်အတူ ဖောက်ထွင်းခိုးယူမှုများ ဆက်တိုက်ဖြစ်ပွားနေ

ဓာတ်ပုံ-လူမှုကွန်ရက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် ခိုးမှုများမကြာခဏဖြစ်ပွားလျက်ရှိပြီး မူးယစ်ဆေးဝါးများလည်း ပြန့်ပွားနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

ထီးလင်းမြို့နယ်မြောက်ပိုင်း၊ ဝါးဘင်းကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီ(၁၁)ရက်၊ ညအချိန်ခန့်က နေအိမ်(၂)အိမ်ဖောက်ထွင်းခံခဲ့ရပြီး ငွေကြေးသိန်း(၅၀)ခန့်နှင့် ရွှေတစ်ကျပ်သား ခိုးယူခံခဲ့ရကြောင်း ဝါးဘင်းဒေသခံအမျိုးသမီးတစ်ဦးက MPAသို့ပြောသည်။

” တစ်အိမ်က ၂၀၊ တစ်အိမ်က ၃၀နဲ့ ရွှေတစ်ကျပ်သားပါသွားတာ။ ခုချိန်က မီးလည်းဖြတ်ခံထားရတာရော၊ အလုပ်ကမောတာရောဆိုတော့ စောစောအိပ်ကြတာ။ အဲ့ဒါကိုအခွင့်ကောင်းယူပြီး ခိုးတာ”ဟု ၎င်းကဆိုသည်။

ယင်းဖြစ်စဥ် မဖြစ်မီတစ်ပတ်ခန့်ကလည်း ဝါးဘင်းရွာနေအိမ်တစ်အိမ်ဖောက်ထွင်းခိုးယူခံရပြီး လူငယ်တစ်ဦး၏ စုဗူးခိုးယူခံရကာ ကျပ်၅သိန်းခန့် ပါသွားကြောင်း၎င်းက ဆက်ပြောသည်။

ယင်းအပြင် ပြီးခဲ့သည့် နိုဝင်ဘာ၂၄ရက်၊ တန်ဆောင်တိုင်ညတွင်လည်း ထီးလင်းမြို့နယ်၊ ချောင်းပေါက်ကျေးရွာရှိ နေအိမ်တစ်အိမ်ဖောက်ထွင်းခံခဲ့ရပြီး သိန်းတစ်ရာကျော် ပျောက်ဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထိုသို့ ဖောက်ထွင်းခိုးယူမှုများဖြစ်ပေါ်နေခြင်းသည် ထီးလင်းမြို့နယ်အတွင်း ပြန့်ပွားလျက်ရှိသော မူးယစ်ဆေးဝါးများကို အပြည့်အဝချုပ်ထိန်းနိုင်ခြင်းမရှိဘဲ ဆက်လက်ပြန့်ပွားလျက်ရှိခြင်းကြောင့် ယခုလိုခိုးယူမှုများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက သုံးသပ်သည်။

” ချောင်းပေါက်၊ ထိန်တိုင်း၊ ဆေးမင်းတောဘက်တွေက မူးယစ်ဆေးတွေခုထိပေါသေးတယ်။ အရင်ကတော့ သူ့တပ်ရင်းကိုယ့်တပ်ရင်း ထိန်းချုပ်တာ၊ဖမ်းဆီးအရေးယူတာတွေရှိတယ်။ ဒါပေမဲ့ မပျောက်ပါဘူး။ ခုထိရှိနေတုန်း၊ လုပ်တဲ့သူကလုပ်နေတုန်းပါ့”ဟု ၎င်းက ပြောသည်။

မူးယစ်ဆေးဝါးပြန့်ပွားနေမှုသည် ထီးလင်းမြို့နယ်သာမက ဆက်စပ်ယောဒေသဖြစ်သည့် ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်များတွင်လည်း ပြန်ပွားလျက်ရှိပြီး လက်ရှိအထိအလုံးစုံထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း ကျောက်ထုဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

” ဒီဘက်မှာက ကားတွေကားသမားတွေ အသွားအလာများတယ်။ ကားသမား(၁၀)ဦးမှာ(၈)ဦးလောက်က မူးယစ်ဆေးမကင်းသလိုကိုဖြစ်နေတာ။ ဒီဘက်မှာလည်းရှိပါတယ်။ အများဆုံးကတော့ WYခေါ်တဲ့ ဆေးပြားတွေလုပ်ကြတာများတယ် “ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဂန့်ဂေါခရိုင်၊ ယောဒေသအတွင်း စစ်ရေးအရှိန်များမှာလည်း မြင့်မားလျက်ရှိပြီး စစ်ကောင်စီသည် နေ့စဥ်နှင့်အမျှ ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်နှင့် ကျောက်ထုတိုက်နယ်များသို့ လေကြောင်းတိုက်ခိုက်မှု စဥ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံက စုံစမ်းသိရှိရသည်။