ရွေးကောက်ပွဲကို ဝေဖန်မိသည့် PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုကော်မတီဝင်တစ်ဦးကို စစ်တပ်က ဖမ်းဆီး

ဓာတ်ပုံ-လူမှုကွန်ရက်

စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပေါ် ယုံကြည်မှုအပြည့်ရှိခဲ့သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်သည် ၎င်း၏နေအိမ်တွင် စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရကြောင်း ပါတီနှင့် နီးစပ်သူတစ်ဦးကဆိုသည်။

ဇန်နဝါရီလ ၁၃ ရက် ညနေပိုင်းတွင် စမ်းချောင်းမြို့နယ်ရှိ နေအိမ်သို့ စစ်တပ်က အင်အားသုံး ရောက်ရှိလာပြီး ဒေါ်သက်သက်ခိုင်နှင့်အတူ ပါတီဗဟိုကော်မတီဝင်တစ်ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

” မနေ့က ညနေပိုင်းက ဖမ်းသွားတာလို့သိရတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာကို ဘာမှမပြောသွားဘူး။ ရွေးကောက်ပွဲကိုဝေဖန်တာနဲ့ အကြွေးပြဿနာ အဲ့ဒီနှစ်ခုပဲရှိတယ် ” ဟုပါတီနှင့် နီးစပ်သူတစ်ဦး ကဆိုသည်။

မကြာသေးမီက ဒေါ်သက်သက်ခိုင်သည် စစ်ကောင်စီ၏ လုပ်ရပ်များကို အင်တာဗျူးတစ်ခုတွင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

“စစ်တပ်ဟာ ဒိုင်လူကြီးလုပ်နေသလို၊ ကိုယ်တိုင်လည်း ဝင်ကန်နေတယ်” ဟု ၎င်းက ပြောဆိုခဲ့ပြီး လက်ရှိကျင်းပနေသည့် ရွေးကောက်ပွဲ၏ တရားမျှတမှုအပေါ် လူသိရှင်ကြား မေးခွန်းထုတ်ခဲ့ရာ ၎င်း၏ဖမ်းဆီးခံရမှုနှင့် ဆက်စပ်နေနိုင်ကြောင်း အများက ယူဆနေကြသည်။

လက်ရှိတွင် စစ်ကော်မရှင်ဘက်က ဖမ်းဆီးထားခြင်းမဟုတ်ဘဲ “ခေါ်ယူမေးမြန်းနေခြင်း” သာဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ပါတီဝင်များကမူ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသည့်အတွက် စိုးရိမ်နေကြသည်။

အထူးသဖြင့် ရွေးကောက်ပွဲ နှောင့်ယှက်မှု ဟူသော ခေါင်းစဉ်ဖြင့် အမှုဖွင့်ခံရနိုင်ခြေရှိသည်ဟု သတင်းများထွက်ပေါ်လျက်ရှိနေသည်။

” သက်သက်ခိုင်၊ ကိုကိုကြီးနဲ့ ဒေါ်စန္ဒာမင်းတို့က စစ်အုပ်စုက လုပ်တဲ့ ရွေးကောက်ပွဲ တကယ်ပဲ တရားမျှတမယ်ထင်ပြီး ဝင်ခဲ့ကြတာ လက်တွေ့ မတရားမှန်းသိတော့မှဝေဖန်တော့ နောက်ကျသွားပြီ၊ စစ်တပ်ကစားတဲ့ဝင်ပါတဲ့ နယ်ရုပ်လေးတွေမှန်းသိတော့မှာပါ။ ဒီထက်လက်တွေ့ကျတာဘာမှမရှိတော့ဘူး”​ ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်သက်သက်ခိုင်သည် စစ်ကော်မရှင်လက်အောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ရာထူးမှ အနားပေးခံခဲ့ရသည်။

၂၀၂၅ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ရန် ပြင်ဆင်ခဲ့သော်လည်း 69 Residence စီမံကိန်း အတွက် ကမ္ဘောဇဘဏ်သို့ ကျပ် ဘီလီယံ ၁၀၀ ကျော် ပေးရန် အကြွေးရှိနေသည့်အကြောင်းပြချက်များကြောင့်ကိုယ်စားလှယ်လောင်း စာရင်းမှ ပယ်ဖျက်ခံခဲ့ရသည်။

PPP ပါတီသည် ၂၀၂၅ ရွေးကောက်ပွဲတွင် လွှတ်တော်အရပ်ရပ်အတွက် ကိုယ်စားလှယ်ပေါင်း ၆၇၂ ဦးအထိ အင်တိုက်အားတိုက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ပထမပိုင်းနှင့် ဒုတိယပိုင်း မဲရလဒ်များအရ အနိုင်ရသည့် နေရာ တစ်နေရာမျှ မရှိသေးပေ။

၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ကိုယ်စားလှယ် ၂၃၀ ကျော်ဖြင့် ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ဖူးသည်။

ဒေါ်သက်သက်ခိုင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြုကာ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သူဖြစ်ပြီး၊ NLD မှ ထုတ်ပယ်ခံရပြီးနောက် ၂၀၁၉ ခုနှစ်တွင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။