တစ်ကိုယ်တည်းနေထိုင်သူများ၏ သေဆုံးမှုကို အခြားတစ်ဦးဦးထံ အကြောင်းကြားပေးနိုင်မည့် “Are You Dead?” ဟု အမည်ပေးထားသော အပလီကေးရှင်းသစ်သည် အခပေး ဒေါင်းလုဒ်လုပ်ရသည့် App များစာရင်းတွင် ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့သည်။
ယင်းအပလီကေးရှင်းသည် အရေးပေါ်ဆက်သွယ်မည့်သူများက မိမိအား စာမပြန်ခြင်းသာဖြစ်သည်ဟု ထင်မှတ်သော်လည်း အမှန်တကယ်တွင် တိုက်ခန်းထဲ၌ တစ်ကိုယ်တည်း သေဆုံးနေခြင်းကို သိရှိနိုင်စေရန် ရည်ရွယ်ထားသည်။
အဆိုပါ အပလီကေးရှင်း ၏ လုပ်ဆောင်ပုံမှာ ၄၈ နာရီလျှင်တစ်ကြိမ် အသုံးပြုသူထံသို့ ၎င်းတို့ အသက်ရှင်နေဆဲဖြစ်ကြောင်း ခလုတ်တစ်ချက်နှိပ်၍ ပြန်လည် အတည်ပြုရန် မေးမြန်းလေ့ရှိသည်။
၂၀၃၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၌ တစ်ကိုယ်တည်းနေထိုင်သည့် အိမ်ထောင်စုပေါင်း သန်း ၂၀၀ ခန့် ရှိလာမည်ဟု အစိုးရက ခန့်မှန်းထားသည်။ ယင်းပမာဏမှာ ဘရာဇီးနိုင်ငံ၏ လူဦးရေတစ်ခုလုံးနှင့် ညီမျှသည်။
တရုတ်လူမှုကွန်ရက်တွင် အဆိုပါ အပလီကေးရှင်းကို အသုံးပြုသူတစ်ဦးက “ကျွန်တော် တစ်ယောက်တည်း သေသွားရင် ဘယ်သူက ကျွန်တော့်အလောင်းကို လာကောက်မှာလဲ” ဟု ရေးသားခဲ့ရာ၊ ၎င်းကို App ၏ ဈေးကွက်ရှာဖွေရေးအဖွဲ့က “ကုန်အမှတ်တံဆိပ်နှင့် ကိုက်ညီသော ခံစားချက်” ဟု မှတ်ချက်ပြုခဲ့သည်။
ဘေဂျင်းမှ အသက် ၃၈ နှစ်အရွယ် အလုပ်သမား ဝီလ်ဆင်ဟူး က ၎င်းသေဆုံးသွားခဲ့လျှင် အမြန်ဆုံးသတိပြုမိမည့်သူမှာ မိခင်ဖြစ်သည်ဟု တွက်ချက်ပြီးနောက်၊ မိခင်အား အရေးပေါ်ဆက်သွယ်ရန်လူအဖြစ် သတ်မှတ်ထားကြောင်း BBC သို့ ပြောကြားခဲ့သည်။
“ကျွန်တော့်မှာ တစ်ခုခုဖြစ်ခဲ့ရင် ငှားထားတဲ့နေရာမှာ တစ်ယောက်တည်း သေနေပြီး ဘယ်သူမှ သိမှာမဟုတ်ဘူးဆိုတာကို စိုးရိမ်မိတယ်” ဟုလည်း ၎င်းကပြောကြားသည်။
အဆိုပါ အပလီကေးရှင်းကို ကျောင်းသားများ၊ အေးဆေးစွာ နေထိုင်တတ်သူများ၊ အိမ်မှနေ၍ အလုပ်လုပ်သူများနှင့် လူမှုရေးအရ အဆက်အသွယ်နည်းပါးသူများအတွက် “ဘေးကင်းလုံခြုံရေး အဖော်မွန်” အဖြစ် ဈေးကွက်တွင် ကြော်ငြာထားသည်။
စိတ်ကျရောဂါ ခံစားနေရသူများကလည်း အပလီကေးရှင်း ၏ အသုံးဝင်ပုံကို သတိပြုမိကြပြီး၊ နှစ်ရက်လျှင်တစ်ကြိမ် ခလုတ်နှိပ်ရန် မှတ်မိနေခြင်းသည်ပင်လျှင် ၎င်းတို့၏ ဦးနှောက်လုပ်ဆောင်ချက် (Executive function) တိုးတက်လာခြင်းကို ပြသနေခြင်းဖြစ်သည်ဟု ဆိုကြသည်။
ဝေဖန်သူအချို့ကမူ အပလီကေးရှင်း ၏ အမည်မှာ “အလွန်ကြောက်စရာကောင်းလွန်းသည်” ဟု ဆိုကာ “Are You OK?” သို့မဟုတ် “Still Here?” စသည့် အမည်များကို အကြံပြုကြသည်။
တီထွင်သူများက အမည်ပြောင်းလဲရန် စဉ်းစားသွားမည်ဟု ပြောကြားသော်လည်း၊ အမှန်တကယ်တွင် မူလက ပေးရန် စဉ်းစားထားသည့် အမည်မှာ “Hello?” ဖြစ်သည်။
အသက် ၃၀ ဝန်းကျင်အရွယ် လူငယ် နှစ်ဦးက အဆိုပါ အပလီကေးရှင်းကို တရုတ်ယွမ်ငွေ ၁,၀၀၀ ခန့် (အမေရိကန်ဒေါ်လာ ၁၅၀ ထက်နည်းသော ပမာဏ) ဖြင့် ဖန်တီးခဲ့ပြီး Moonscape Technologies အမည်ရှိ ကုမ္ပဏီကို ဖွဲ့စည်းခဲ့သည်။ ကုမ္ပဏီ၏ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ၎င်းတို့က ယွမ်တစ်သန်းဖြင့် ရောင်းချရန် စီစဉ်နေသည်။
ထို့အပြင် ၎င်းတို့က အသက် ၆၀ နှင့်အထက် သန်း ၂၆၀ ကျော်ရှိသော တရုတ်နိုင်ငံမှ သက်ကြီးရွယ်အိုများအတွက် ရည်ရွယ်သည့် ဗားရှင်းသစ်တစ်ခုကို စမ်းသပ်နေသည်။
