ရွှေဈေး ၉၉ သိန်းသို့ ရောက်လာသဖြင့် ရွှေလုပ်ငန်းရှင်အချို့ လူမြင်ကွင်းတွင် မနေရဲတော့

ဓာတ်ပုံ - လူမှုကွန်ရက်

ရွှေတစ်ကျပ်သား ကျပ် ၉၉ သိန်းသို့ ရောက်ရှိလာပြီဖြစ်၍ လုပ်ငန်းရှင်အချို့ လူမြင်ကွင်းတွင် မနေရဲ တော့ကြောင်း သိရသည်။

ယနေ့ (ဇန်နဝါရီ ၁၅ ရက်) တွင် အခေါက်ရွှေဈေး ထပ်မံမြင့်တက်ကာ ၉၉ သိန်းကိုပင် အနည်းငယ်စွန်း လာသဖြင့် စစ်ကော်မရှင်ရန်ရှာမည်စိုး၍ ရွှေလုပ်ငန်းရှင်အချို့အား မမြင်ရတော့ကြောင်း ရန်ကုန်မြို့တွင်း ရွှေလောကသားတစ်ဦးထံက သိရသည်။

“ထုံးစံအတိုင်း ရွှေဈေးတက်ရင် လုပ်ငန်းရှင်တွေကို ခဏခေါ်တာကိုး။ခဏခေါ်တာက အလကား ခေါ်တာမဟုတ်ဘူး။ရွှေဈေးတက်တယ်ဆိုပြီး ရန်လုပ်ပြီး ငွေညှစ်တာမျိုးဆိုတော့ အခုက ဆက် တိုက်တက်နေတယ်”ဟု ၎င်းက MPA သို့ပြောသည်။

ဇန်နဝါရီ ၉ ရက်တွင် ဈေးတစ်ကျပ်သား ၉၄ သိန်းခွဲကျော် ရှိခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်၌ ၉၈သိန်း ၉ သောင်း နှင့် ဈေးပိတ်ခဲ့ကာ ယနေ့ နံနက် ၉၉ သိန်းကျော်သို့ ရောက်ခဲ့သည်။

“ဗင်နီဇွဲလားပြီးတော့ အခု အီရန်က တောက်လျှောက် မုန်တိုင်းပဲလေ။အမေရိကန်က ဝင်ပါမယ့် သဘောလည်း ရှိနေလို့ ကမ္ဘာ့ရွှေဈေးက တက်တယ်။ကျနော်တို့ မြန်မာကျတော့ အာဏာသိမ်းပြီးက တည်းက နိုင်ငံရေးကောင်းတဲ့နေ့ မရှိဘူးလေ”ဟု ၎င်းက ဆက်လက်ပြောသည်။

သိန်း၁၀၀သို့ရောက်ခဲ့လျှင် စစ်ကော်မရှင်က ဖိအားမျိုးစုံဖြင့် ဈေးပြန်ချနိုင်ကြောင်း လည်း ၎င်းက သုံးသပ်သည်။

ကမ္ဘာ့ရွှေဈေးမှာ ဇန်နဝါရီ ၁၄ ရက်က တစ်အောင်စလျှင် ကန်ဒေါ်လာ ၄၆၀၀ ရှိပြီး ယနေ့တွင် ၄၅၉၁ ဒဿမ ၂၆ ဒေါ်လာဖြစ်သည်။

စစ်ကော်မရှင်လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း၏ ယနေ့ ရည်ညွှန်းဈေးမှာ တစ်ကျပ်သား ကျပ်သိန်း ၆၀ ဖြစ်သည်။