စစ်မှုထမ်းအတွက် လူဖမ်းနေသူများ ကိုယ်ပိုင် လုယက် ပြန်ပေးဆွဲခြင်းသာ အဓိက လုပ်ကိုင်လာ

ဓာတ်ပုံ - လူမှုကွန်ရက်

ရန်ကုန်မြို့တွင် စစ်မှုထမ်းအတွက် လူဖမ်းနေသူများမှာ ကိုယ်ပိုင် လုယက်ပြန်ပေးဆွဲအလုပ်ကိုသာ အဓိက လုပ်ကိုင်လာကြကြောင်း သိရသည်။

၂၀၂၅ နှစ်လယ်ပိုင်းဝန်းကျင်မှ စတင်ကာ စစ်အုပ်စုဝင်တို့က ရန်ကုန်မြို့ လမ်းများပေါ် ပေါ်တာဆွဲ မှုများ တောက်လျှောက်ပြုလုပ်လာပြီးနောက် စစ်တပ်နှင့်ချိတ်ဆက်ထားသည့် စစ်မှုထမ်းအတွက် လူလိုက်ဖမ်းသော ဂိုဏ်းများလည်း ပေါ်ပေါက်လာကာ ယခုအခါ ယင်းလူဖမ်းဂိုဏ်းတို့မှာ ချက်ချင်း ငွေပေါ်ပြီး အလုပ်မရှုပ်သည့် လုယက် ပြန်ပေးဆွဲခြင်းကိုသာ အဓိက လုပ်ကိုင်လာကြကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်ထံက သိရ သည်။

“စစ်မှုထမ်းအတွက် ဖမ်းတာက တစ်ယောက်ယောက်ကို ဖမ်းမိတာနဲ့ ချက်ချင်းပို့လို့မရဘူး။ပြီးတော့ နယ်ဘက်တွေကို ပို့ရတာဆိုတော့ အလုပ်ရှုပ်တယ်၊ကုန်ကျစရိတ်တွေ ရှိတယ်။ရတာက အလွန်ဆုံး ၁၅သိန်းလောက်ပဲ။အဲဒါကြောင့် အခုနောက်ပိုင်းကျတော့ ပစ္စည်းရရင်လုတယ်။လူရ လူဖမ်းပြီး ကိုယ့် ဘာသာ ပြန်ပေးဆွဲငွေညှစ်တယ်။ပြန်ပေးဆွဲလို့လည်း ငွေမရမှ စစ်မှုထမ်းထဲ ပို့တော့တယ်”ဟု ၎င်းက MPAသို့ပြောသည်။
ယင်းသို့ လုယက်ပြန်ပေးဆွဲခြင်းကို ရန်ကုန်မြို့ရှိ မကျော်ကြားသေးသည့် လူမိုက်များက အဓိက လုပ်ဆောင်နေကြကြောင်း သိရသည်။

“ရဲတွေက သိတယ်။အမှုကြီးမဖြစ်သရွေ့ မမြင်ချင်ယောင်ဆောင်တယ်။ဘော်ဒါကြေးတောင်း တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ဇန်နဝါရီပထမပတ်အတွင်း၊ည ၈နာရီခန့်တွင် တောင်ဥက္ကလာဂေါက်ကွင်းနှင့် မလှမ်းမကမ်းတစ်နေ ရာ၌ ကိုယ်ပိုင်ကားဖြင့် ပြန်လာသူတစ်ဦးကို အနောက်မှ ဖြတ်တက်လာသည့် အိမ်စီးကားတစ်စီးက ပိတ်ရပ်ကာ လုယက်ခဲ့ကြောင်း တောင်ဥက္ကလာပ၊၇ဆူဘုရားအနီးနေ အမျိုးသားကြီးတစ်ဦးက ဆို သည်။

“အဲဒီကားက မြောက်ဥက္ကလာ၊မယ်လမုဘုရားလောက်ကတည်းက အနောက်ကလိုက်လာတာ။ပြီး တော့မှ လူရှင်းတဲ့နေရာရောက်တော့ အနောက်ကနေ အတင်းဖြတ်တက်ပြီး ပိတ်ရပ်ပစ်တယ်။ကား ပေါ်က ၃ယောက်ဆင်းလာတယ်။မပေးရင် အသတ်ခံရနိုင်တယ်။သူ့ကားပေါ်ပါလာတဲ့ ဖုန်းနဲ့ငွေ တန် ဖိုးဆို သိန်း၂၀ကျော်လောက် အကုန်ပေးပြီး လူကို အန္တရာယ်မပြုဖို့ တောင်းပန်ရတယ်။ကျနော့်မိတ် ဆွေ ခံရတာ”ဟု ၎င်းက ပြောသည်။

ရဲစခန်းကို တိုင်လျှင်လည်း အချိန်နှင့်ငွေသာ ထပ်ကုန်ပြီး လုယက်သူများကို ဖမ်းမိမည်ဟု မယုံကြည် သောကြောင့် အမှုမဖွင့်တော့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အာဏာသိမ်းပြီးနောက်တွင် ရန်ကုန်ပြည်သူများမှာ ရဲစခန်းများကို မယုံကြည်တော့သလို ရဲများက လည်း လိုင်းကြေးရသည့်အလုပ်တို့သာ လုပ်တော့ကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က ဆိုသည်။