မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများသည် သံရုံးနှင့်တွေ့ရန်ပင် UEC ကို ခွင့်တောင်းရခြင်းသည် သူငယ်တန်းကျောင်းသားများအဆင့်သို့ လုံးလုံးရောက်ရှိသွားခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ပါတီအချို့က ပြောသည်။
ယမန်နေ့က စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဌ ဒေါ်သက်သက်ခိုင်ကို အရေးယူရန် ထုတ်ပြန်မှုသည် ယင်းအချက်ကို ပြသနေခြင်းပင်ဖြစ်သည်ဟု ဝေဖန်သူများက ဆိုသည်။
“ကျတော်တို့ ရွေးကောက်ပွဲဝင်ပြိုင်တယ်ဆိုတာက လက်ရှိ ပဋိပက္ခတွေကို ငြိမ်းချမ်းစေဖို့ပါ။ ဒါပေမဲ့ နည်းမျိုးစုံနဲ့ ကန့်သတ်ခံထားရတယ်။ မနေ့က UEC ရဲ့ ထုတ်ပြန်ချက်ကလဲ ဘာလုပ်လုပ်ခွင့်တိုင်လုပ်ရမယ့်ပုံဆိုတော့ မပြောချင်တော့ပါဘူးဗျာ” ဟု ပြည်သူ့ပါတီမှ အမည်မဖော်လိုသည့် ပါတီဝင်တစ်ဦးက မှတ်ချက်ပြုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ စားသောက်ဆိုင်တစ်ခုတွင် ပြည်ပသံရုံးမှ ပုဂ္ဂိုလ်များနှင့် Mask တပ်ဆင်၍ လျှို့ဝှက်တွေ့ဆုံခဲ့သည်ဟူသော အကြောင်းပြချက်ဖြင့် PPP ပါတီခေါင်းဆောင်များကို အရေးယူရန် ကြေညာလာခြင်းသည် နိုင်ငံရေးပါတီများ၏ လွတ်လပ်ခွင့်ကို သုညအဆင့်သို့ ဆွဲချလိုက်ခြင်းဖြစ်သလို၊ စစ်ကော်မရှင်က ၎င်းတို့စိတ်ကြိုက် ရေးဆွဲထားသည့် နိုင်ငံရေးကွင်းပြင်အတွင်းမှ မည်သူ့ကိုမဆို အချိန်မရွေး ထုတ်ပယ်နိုင်ကြောင်း ပြသသည့် သတိပေးခေါင်းလောင်းသံဖြစ်ကြောင်း နိုင်ငံရေးသိပ္ပံလေ့လာသူတစ်ဦးက သုံးသပ်သည်။
နိုင်ငံရေးသိပ္ပံ လေ့လာသူတစ်ဦးက “ဒါဟာ နိုင်ငံရေးပါတီတွေကို သူငယ်တန်းအဆင့် ထားပြီး ဆရာမကြီးဆီမှာ ခွင့်တောင်းရသလိုမျိုး လုပ်နေတာပါ။ နိုင်ငံရေးပါတီဆိုတာ နိုင်ငံတကာသံတမန်တွေနဲ့ လွတ်လပ်စွာ ထိတွေ့ဆက်ဆံခွင့် ရှိရမယ်။ အခုလို သံရုံးနဲ့တွေ့ရင်တောင် UEC ကို တိုင်ရမယ်ဆိုတာက ပါတီတွေရဲ့ နိုင်ငံတကာ ဆက်ဆံရေးကို ဖြတ်တောက်လိုက်တာဖြစ်သလို၊ သူတို့ခိုင်းတာပဲ လုပ်ရမယ်ဆိုတဲ့ Totalitarian (အလုံးစုံထိန်းချုပ်မှု) ပုံစံကို သွားနေတာပါ။ ဒီလို အခြေအနေအောက်မှာ ကျင်းပနေတဲ့ ရွေးကောက်ပွဲဆိုတာကလည်း လွတ်လပ်မှုဆိုတာ အိပ်မက်တောင် မမက်နိုင်တဲ့ ကိစ္စပါပဲ” ဟု သုံးသပ်ပြောကြားသည်။
အထူးသဖြင့် ဒေါ်သက်သက်ခိုင်သည် ယခင်က စစ်ကော်မရှင်တွင် ဝန်ကြီးအဆင့်အထိ တာဝန်ယူခဲ့ဖူးသူဖြစ်သော်လည်း မကြာသေးမီက ဒိုင်လူကြီးဖြစ်သော စစ်ဗိုလ်ချုပ်များကိုယ်တိုင် ရွေးကောက်ပွဲဝင်ပြိုင်နေ၍ တန်းတူညီမျှမှုမှာ မေးခွန်းထုတ်စရာဖြစ်သည် ဟု ထုတ်ဖော်ဝေဖန်ခဲ့ပြီးနောက်ပိုင်းတွင်မှ ယခုကဲ့သို့ Mask တပ်၍ တွေ့ဆုံခြင်းကို အကြောင်းပြကာ အရေးယူခံရခြင်းဖြစ်သည်ဟု သုံးသပ်မူများလည်းရှိသည်။
ဤအခြေအနေနှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာသူများက စစ်ကော်မရှင်သည် နိုင်ငံရေးပါတီများကို လွတ်လပ်သော အဖွဲ့အစည်းများအဖြစ် သဘောမထားဘဲ ၎င်းတို့၏ ဩဇာခံ အောက်ခြေဝန်ထမ်းများသဖွယ် ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ထောက်ပြကြပါသည်။
မြန်မာ့နိုင်ငံရေး လေ့လာသူ တစ်ဦးက”ဒေါ်သက်သက်ခိုင်အပေါ် အရေးယူမှုက Mask တပ်တာနဲ့ မဆိုင်ပါဘူး။ သူက ဒိုင်လူကြီးကိုယ်တိုင် ဝင်ကစားနေတယ်လို့ ပြောမိလို့ အရေးယူခံရတာပါ။ ဒါက ကျန်တဲ့ပါတီတွေကိုလည်း သတိပေးလိုက်တာပဲ။ ငါတို့ကို ဝေဖန်ရင် ဒါမျိုးဖြစ်မယ်ဆိုတဲ့ ပုံစံမျိုးပါ။ UEC ရဲ့ စည်းကမ်းချက်တွေက နိုင်ငံရေးပါတီတွေကို ကြီးထွားခွင့်မပေးဘဲ ခြေချုပ်မိအောင် လုပ်ထားတာဖြစ်လို့ နိုင်ငံရေးပါတီတွေဟာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲပြဇာတ်မှာ အရံလူတွေအဖြစ်ပဲ ပါဝင်နေရတဲ့ အဆင့်ကို ရောက်သွားပါပြီ” ဟု ဆို သည်။
ထို့ပြင် ပြည်တွင်းနိုင်ငံရေး လေ့လာစောင့်ကြည့်သူတစ်ဦးကလည်း “အခုက နိုင်ငံရေးပါတီတွေဟာ ပါတီမှတ်ပုံတင် ဥပဒေနဲ့ ဓားစာခံဖြစ်နေကြရတာ။ နိုင်ငံခြားဩဇာခံယူတယ်ဆိုတဲ့ ခေါင်းစဉ်က အရမ်းကျယ်ပြန့်တယ်။ သံရုံးနဲ့တွေ့တာကို ဩဇာခံယူတယ်လို့ စွပ်စွဲပြီး ပါတီကို ဖျက်ပစ်လို့ရအောင် လုပ်ထားတာ။ ဒါဟာ နိုင်ငံရေးပါတီတွေရဲ့ လွတ်လပ်စွာ လှုပ်ရှားခွင့်ကို သေဒဏ်ပေးလိုက်တာပါပဲ။ စားသောက်ဆိုင်မှာ Mask တပ်ပြီး တွေ့တာကိုတောင် အမှုလုပ်တယ်ဆိုတော့ ဘယ်နိုင်ငံရေးသမားမှ လုံခြုံမှုမရှိတော့ဘူးဆိုတာ ရှင်းနေပါတယ်” ဟု ၎င်း၏ အမြင်ကို ပြောသည်။
စစ်ကော်မရှင်သည် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုလာရန် ကြိုးစားနေသော်လည်း နိုင်ငံရေးပါတီများကို ယခုကဲ့သို့ ဖိနှိပ်ထိန်းချုပ်ထားခြင်းသည် တရားမျှတမှု လုံးဝမရှိသည်ကို သက်သေပြနေခြင်းပင်ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။
