ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသားများနှင့် တွေ့ဆုံခဲ့ခြင်းကြောင့် ဒေါ်သက်သက်ခိုင်ကို အရေးယူဖမ်းဆီးခြင်းဖြစ်ဟုဆို

ဓာတ်ပုံ - လူမှုကွန်ရက်

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လိုင်တို့သည် စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသားများနှင့် Mask တပ်၍ လျှို့ဝှက်တွေ့ဆုံခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့နှစ်ဦးကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ဒေါ်သက်သက်ခိုင်နှင့် ဒေါ်ထက်ထက်လိုင်တို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်၊ ညနေ ၄ နာရီမှ ၅ နာရီခန့်အထိ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် ပြည်ပသံရုံးတစ်ခုမှ ပုဂ္ဂိုလ်အချို့နှင့် Mask များတပ်ဆင်ကာ တရားမဝင် လျှို့ဝှက်တွေ့ဆုံခဲ့ကြောင်း သတင်းပေးပို့တိုင်ကြားချက်များအရ စုံစမ်းစစ်ဆေးရာတွင် မှန်ကန်ကြောင်း တွေ့ရှိခဲ့ကြောင်း၊ ၎င်းတွေ့ဆုံမှုနှင့် ပတ်သက်၍ ဒေါ်သက်သက်ခိုင်နှင့် ဒေါ်ထက်ထက်လိုင်တို့ကိုယ်တိုင်ကလည်း ဝန်ခံထွက်ဆိုခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံရေးပါတီများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအ နိုင်ငံခြားတိုင်းပြည်တစ်ခု၏ အစိုးရ၊ ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းများထံမှ ငွေကြေး၊ ပစ္စည်းနှင့် အထောက်အပံ့များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း မပြုရန်၊ နိုင်ငံခြားတိုင်းပြည်တစ်ခု၏ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန်ရှိပါက UEC ထံသို့ ကြိုတင်တင်ပြ၍ ခွင့်ပြုချက်ရယူရန် သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အဆိုပါ စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ပါက ပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်မည်ဖြစ်ကြောင်း UEC က ၂၀၂၂ ခုနှစ်ကတည်းက ကြိုတင်အကြောင်းကြားထားခဲ့ခြင်းဖြစ်ဟုလည်း ဆိုထားသည်။

ထို့ပြင် ဒေါ်သက်သက်ခိုင်တို့သည် သံရုံးများနှင့် လျှို့ဝှက်တွေ့ဆုံနေကြောင်း သိရှိရသဖြင့် ခွင့်ပြုချက်မရှိဘဲ မတွေ့ဆုံရန် UEC က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထပ်မံသတိပေးခဲ့သော်လည်း ၎င်းတို့က လိုက်နာခြင်းမရှိဘဲ တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ဒေါ်သက်သက်ခိုင်နှင့် ဒေါ်ထက်ထက်လိုင်တို့အား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ နှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဟုလည်း ဆိုထားသည်။