နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မာရီယာ ကိုရီနာ မာချာဒိုက အဆိုပါဆုအား ရယူလိုစိတ်ပြင်းပြနေသူ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ထံသို့ အဆိုပါဆုတံဆိပ်အား ပေးအပ်ခဲ့သည်ဟူသော သတင်းကြောင့် နော်ဝေနိုင်ငံရှိ သတင်းမီဒီယာများနှင့် ကျွမ်းကျင်သူများကြားတွင် အံ့အားသင့်လျက်ရှိသည်။
“ဒါဟာ လုံးဝကို မကြားဖူးတဲ့ ကိစ္စရပ်တစ်ခုပါပဲ” ဟု အော်စလိုတက္ကသိုလ်မှ ပါမောက္ခဖြစ်သူနှင့် နိုင်ငံရေးသမားဟောင်း ဂျန်းန် ဟာလန်း မတ်လာရီ က အစိုးရရုပ်သံလိုင်း NRK သို့ ပြောကြားခဲ့သည်။
သူမက ယခုလုပ်ရပ်သည် “ဆုအပေါ် လေးစားမှု လုံးဝကင်းမဲ့ခြင်း” ဖြစ်သည်ဟု ဆိုကာ၊ ယခုလုပ်ဆောင်ချက်မှာ “အဓိပ္ပာယ်မဲ့” ပြီး “သနားစရာကောင်းသည်” ဟု ဝေဖန်ခဲ့သည်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ရယူလိုခဲ့သည်မှာ ကြာပြီဖြစ်သော သမ္မတ ထရန့်က ၎င်း၏ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွင်း စစ်ပွဲအမြောက်အမြားကို ဖြေရှင်းပေးနိုင်ခဲ့သောကြောင့် ယင်းဆုကို ရထိုက်သည်ဟု အခိုင်အမာ ပြောဆိုထားသူဖြစ်သည်။
ဇန်နဝါရီလ ၁၅ ရက်နေ့က အိမ်ဖြူတော်တွင် ပြုလုပ်သည့် တွေ့ဆုံပွဲ၌ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒိုထံမှ ဆုတံဆိပ်ကို ၎င်းက လက်ခံရယူခဲ့သည်။
ယခင်ကလည်း ထရန့်သည် နော်ဝေ နိုဘယ်လ်ကော်မတီ၏ ဆုံးဖြတ်ချက်အပေါ် ကျေနပ်မှုမရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုအား အခြားသူတစ်ဦးနှင့် မျှဝေခြင်း သို့မဟုတ် လွှဲပြောင်းပေးအပ်ခြင်း မပြုနိုင်ကြောင်း နော်ဝေ နိုဘယ်လ်ကော်မတီက ပြီးခဲ့သည့် အပတ်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ဇန်နဝါရီလ ၁၆ ရက်နေ့တွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပြုရန် ဖုန်းခေါ်ဆိုမှုများနှင့် မက်ဆေ့ချ်ပေးပို့မှုများကိုမူ ကော်မတီဘက်မှ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
မာချာဒိုသည် ဇန်နဝါရီလ ၃ ရက်နေ့က အမေရိကန်တပ်ဖွဲ့များက နီကိုလက်စ် မာဒူရိုကို ဖယ်ရှားခဲ့သော်လည်း ၎င်း၏ အစိုးရယန္တရားကို ဆက်လက်ထားရှိခဲ့သည့်နောက်ပိုင်း ဗင်နီဇွဲလား၏ အာဏာကူးပြောင်းရေး လုပ်ငန်းစဉ်များမှ ဘေးဖယ်ထားခြင်း ခံခဲ့ရသည်။
မာချာဒိုက သမ္မတ ထရန့်အား ဆုတံဆိပ်ပေးအပ်ခြင်းမှာ “ကျွန်မတို့ရဲ့ လွတ်လပ်မှုအပေါ် သူရဲ့ ထူးခြားတဲ့ ကတိကဝတ်ကို အသိအမှတ်ပြုတဲ့အနေနဲ့ ဖြစ်ပါတယ်” ဟု ဇန်နဝါရီ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုသည် ကမ္ဘာပေါ်တွင် သံတမန်ရေးရာ ကြိုးပမ်းမှုများအတွက် အမြင့်မြတ်ဆုံးဆုအဖြစ် သတ်မှတ်ခြင်း ခံထားရသည်။
ယင်းဆုသည် ၁၈၉၆ ခုနှစ်တွင် ကွယ်လွန်ခဲ့သည့် ဒိုင်းနမိုက် တီထွင်သူ ဆွီဒင်လူမျိုး အဲလ်ဖရက် နိုဘယ်လ် (Alfred Nobel) ၏ သေတမ်းစာအရ တည်ထောင်ခဲ့သော နိုဘယ်လ်ဆု ငါးမျိုးအနက် တစ်ခုဖြစ်သည်။
“ဒီကိစ္စဟာ ကမ္ဘာ့အသိအမှတ်ပြု အရေးအပါဆုံး ဆုတွေထဲက တစ်ခုအတွက် မယုံနိုင်လောက်အောင် ရှက်ဖွယ်ကောင်းပြီး ထိခိုက်နစ်နာစေပါတယ်” ဟု နော်ဝေအာဏာရ အလုပ်သမားပါတီမှ အော်စလိုမြို့တော်ဝန်ဟောင်း ရေမွန် ဂျိုဟန်ဆန် က လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
“အခုလို ဆုချီးမြှင့်မှုကို နိုင်ငံရေးဆန်အောင် လုပ်ဆောင်တာဟာ ငြိမ်းချမ်းရေးကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို အားပေးသလို ဖြစ်သွားစေနိုင်တဲ့အတွက် အလွန်အန္တရာယ်ကြီးပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
