စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်အတွင်းရှိ မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက်တွင် သေနတ်သံများထက် ပိုမိုကျယ်လောင်နေသည်မှာ မတရားအသတ်ခံလိုက်ရသည့် တော်လှန်ရေးရဲဘော် (၁၀) ဦး၏ မိသားစုဝင်များဆီမှ တရားမျှတမှု တောင်းဆိုနေသည့် အသံများပင် ဖြစ်ပါသည်။
၂၀၂၅ ခုနှစ်၊ မေလ (၁၄) ရက်နေ့က တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော် (၁၀) ဦးသည် အိန္ဒိယအာသံရိုင်ဖယ်တပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ယခုအခါ ထိုဖြစ်စဉ်မှာ (၁၀) လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း နစ်နာသူ မိသားစုဝင်များအတွက်မူ အဖြေရှာမရသေးသည့် ပုစ္ဆာတစ်ပုဒ်လို ဖြစ်နေဆဲပါ။
■ ဖြစ်စဉ်နောက်ခံနှင့် အခင်းဖြစ်ပွားပုံ
၂၀၂၅ ခုနှစ်၊ မေလ (၁၂) ရက်နေ့တွင် တမူးခရိုင် ပကဖ လက်ရုံးတပ်ဖွဲ့ဝင် (၁၀) ဦးသည် ခမ်းပတ်မြို့၊ ကမ္ဘာကြီးရွာ အနောက်ဘက်ရှိ စခန်းဟောင်းမှ အိန္ဒိယနယ်စပ်အနီးရှိ စခန်းသစ်သို့ စတင်ရွှေ့ပြောင်းခဲ့ကြသည်။
ယင်းသို့ ရွှေ့ပြောင်းခြင်းကို တမူးခရိုင် ပကဖ တာဝန်ခံ ဦးမြင့်နိုင်ဦးနှင့် အဖွဲ့သည် အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့များ (Assam Rifles) ထံသို့ ကြိုတင်အကြောင်းကြား ညှိနှိုင်းထားခဲ့သည်ဟု ဆိုသည်။
မေလ (၁၄) ရက်နေ့တွင် အဆိုပါ ရဲဘော် (၁၀) ဦးသည် အိန္ဒိယဘက်ခြမ်း နယူးဆမ်တဲလ် (New Samtal) ကျေးရွာအနီး၌ အာသံရိုင်ဖယ် တပ်ရင်း (၁)၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ အိန္ဒိယစစ်တပ်ဘက်က တိုက်ပွဲဖြစ်ပွား၍ ပစ်ခတ်ခဲ့ခြင်းဟု ထုတ်ပြန်သော်လည်း မိသားစုဝင်များကမူ ဖမ်းဆီးပြီးမှ ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း စွပ်စွဲထားသည်။
မေလ (၁၆) ရက်နေ့တွင် ရဲဘော် (၁၀) ဦး၏ ရုပ်အလောင်းများကို ခမ်းပတ်မြို့၊ အမှတ် (၁) သန်းချီတိုင်၌ ပြန်လည်လက်ခံရရှိခဲ့သည်။
“ရက်စက်တဲ့ အစုလိုက်သတ်ဖြတ်မှုဗျ။ တစ်ယောက်ချင်း ပစ်သတ်ခံထားရတာ” ဟု ရုပ်အလောင်းများကို မြင်တွေ့ခဲ့သည့် ရဲဘော်တစ်ဦးက ဆိုသည်။
ရုပ်အလောင်းများ ပြန်လည်လွှဲပြောင်းပေးရာတွင်လည်း အိန္ဒိယဘက်က ၎င်းတို့နယ်နိမိတ်အတွင်း ဝင်ရောက်တိုက်ခိုက်၍ နှိမ်နင်းရခြင်းဖြစ်ကြောင်းနှင့် နယ်စပ်ခြံစည်းရိုးခတ်မှုကို မကန့်ကွက်ရန် ဖိအားပေး လက်မှတ်ထိုးခိုင်းခဲ့သည်ဟု NUG က ထုတ်ပြန်ထားသည်။
“ရဲဘော် (၁၀) ဦးဆိုတာ မနည်းပါဘူး။ ခုချိန်ထိ ဘာမှနစ်နာကြေးပေးတာလည်း မရှိဘူး၊ နှစ်သိမ့်ပေးတာလည်း ဘာမှမရှိဘူး။ သူတို့က ကျတော်တို့ရဲ့ သားတွေကို အိမ်မှာမွေးထားတဲ့ ခွေးတစ်ကောင်လောက်တောင် တန်ဖိုးမထားဘဲ လျစ်လျူရှုထားတာပါ။ ခုချိန်ထိ တစ်နှစ်ပြည့်တော့မှာပါ” ဟု ရဲဘော် (၁၀) ဦး၏ မိသားစုဝင်တစ်ဦးဖြစ်သည့် ဦးထွန်းဝေက ဆိုသည်။
လက်ရှိဖြစ်စဉ်သည် ရှေ့တန်းတွင် တိုက်ပွဲဖြစ်နေသည့် နေရာမျိုးမဟုတ်ဘဲ စခန်းပြောင်းရွှေ့ နေရာချထားခြင်းဖြစ်သော်လည်း၊ မြေပြင်သတင်းပေးသူများနှင့် ရဲဘော် (၁၀) ဦး၏ မိသားစုဝင်များက တမူးခရိုင် ပကဖ တာဝန်ခံ ဦးမြင့်နိုင်ဦးကို အရေးယူပေးရန် တောင်းဆိုနေကြသည်။ မိသားစုဝင်များက ဦးမြင့်နိုင်ဦးသည် အိန္ဒိယသို့ တင်ပို့သည့် သစ်ကားများထံမှ ငွေကြေးကောက်ခံခိုင်းခြင်းဖြစ်ကြောင်း အခိုင်အမာ ဆိုကြသည်။
အိန္ဒိယစစ်တပ်ဘက်ကမူ ၎င်းတို့သည် လက်နက်ကိုင်တပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး (၁၀) ဦးကို ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း မြေပြင်အခြေအနေမှာမူ ကွဲပြားနေသည်။ ယခုအခါ အိန္ဒိယသည် အခင်းဖြစ်ပွားခဲ့သည့် နေရာမှ မီတာ (၃၀၀) ခန့် ကျော်လွန်သော Asian Highway လမ်းဘေးတည့်တည့်အထိ နယ်စပ်ခြံစည်းရိုးများကို လာရောက်ခတ်နေပြီ ဖြစ်သည်။
■ NUG ၏ လုပ်ဆောင်မှု
NUG ၏ မြေပြင်စုံစမ်းစစ်ဆေးမှုများအရ အိန္ဒိယမီဒီယာအချို့တွင် ဖော်ပြထားသကဲ့သို့ တိုက်ပွဲအတွင်း ကျဆုံးခြင်း မဟုတ်ဘဲ အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များသည် သတင်းကြိုတင်ပေးထားသည့် ကြားခံလူကို အသုံးချကာ ရဲဘော်များကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း၊ ဖမ်းဆီးခံရသူများအား နှိပ်စက်သတ်ဖြတ်ခဲ့သည်ဟု သုံးသပ်ရခြင်းနှင့် ရုပ်အလောင်းများ ပြန်လည်တောင်းခံရာတွင်လည်း အိန္ဒိယဘက်မှ တာဝန်ရှိသူများက (ပကဖ) ရဲဘော်များ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခြင်းကြောင့် နှိမ်နင်းခဲ့ရကြောင်းနှင့် နောက်နောင်တွင် နယ်စပ်ခြံစည်းရိုးခတ်မှုကို မကန့်ကွက်ရန် စသည့်အချက်များကို ဖိအားပေး လက်မှတ်ထိုးခိုင်းခဲ့ကြောင်း သိရသည်။
NUG အနေဖြင့် အိန္ဒိယအစိုးရထံ အမှုမှန် ပေါ်ပေါက်ရေး ဆောင်ရွက်ပေးရန်၊ အပြစ်မဲ့သူများအား ရက်စက်စွာ သတ်ဖြတ်ခြင်းအပေါ် တာဝန်ယူမှုရှိစွာဖြင့် စုံစမ်းစစ်ဆေးပြီး ပြစ်ဒဏ်ပေးရန်၊ နစ်နာသူ မိသားစုများအား နစ်နာကြေး ပေးဆောင်ရန်၊ နောင်တွင် ယခုကဲ့သို့ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် စီမံဆောင်ရွက်ရန်၊ နယ်စပ်ခြံစည်းရိုးခတ်ခြင်း လုပ်ငန်းအား နှစ်နိုင်ငံ ညှိနှိုင်းမှုမပြီးမချင်း ယာယီရပ်ဆိုင်းထားရန် တို့ကို တောင်းဆိုထားသော်လည်း လက်တွေ့တွင် (၉) လကျော်အထိ မည်သည့်အချက်မျှ လုပ်ဆောင်ပေးခြင်း မရှိသေးပေ။
“ကိုယ်စားလှယ်တွေဆိုတော့ သူတို့အရှိန်အဝါနဲ့ သူတို့လုပ်သမျှ ဖြစ်နေပြီး သူတို့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကိုတော့ အချင်းချင်း ဖုံးကာပေးနေကြတာ။ ကျတော်တို့က တကယ် အသက်စိုက်ထားရတာပါဗျာ” ဟု မြေပြင်ရဲဘော်တစ်ဦးက ဆိုသည်။
NUG အနေဖြင့် ယခုဖြစ်စဉ်သည် အိန္ဒိယအစိုးရ၏ မူဝါဒသဘောထား မဟုတ်ဟု ယုံကြည်ကြောင်းနှင့် အိမ်နီးချင်းကောင်း ပီသစွာဖြင့် ဆက်လက် ပူးပေါင်းဆောင်ရွက်လိုကြောင်း ဖော်ပြထားသည်။ တစ်ဖက်တွင်လည်း မြန်မာပြည်သူများ၏ ဆန္ဒသဘောထားကို အလေးထားရန်နှင့် အမှုမှန် ပေါ်ပေါက်ခြင်း မရှိပါက ရှေ့ဆက်လုပ်ငန်းစဉ်များတွင် ခက်ခဲနိုင်ကြောင်း သတိပေးထားသည်။
နောက်ဆုံးအခြေအနေနှင့် ပတ်သက်ပြီး NUG ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ရှိကိစ္စနှင့် ပတ်သက်၍ ဖြေကြားရန် မရှိသေးကြောင်း MPA သို့ ပြန်လည်အကြောင်းပြန်ခဲ့သည်။
■ ကျန်ရစ်သူမိသားစုများ၏ နက်ရှိုင်းသော ဒဏ်ရာ
ယခုအခါ ထိုဖြစ်ရပ်ဆိုး ဖြစ်ပွားခဲ့သည်မှာ (၉) လတင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သော်လည်း တရားမျှတမှုမှာ ရေထဲပစ်ချသည့် ကျောက်ခဲကဲ့သို့ ပျောက်ချက်သား ကောင်းနေဆဲ ဖြစ်သည်။ သေဆုံးသူများထဲတွင် အသက် (၁၈) နှစ်အရွယ် တစ်ဦးတည်းသောသား ပါဝင်နေပြီး ၎င်း၏မိဘများမှာ သားစိတ်ဖြင့် ကျန်းမာရေးဆိုးဝါးကာ စိတ်ဝေဒနာ ခံစားနေရသည်။
ကျဆုံးသူ ၁၀ ဦးအနက် တစ်ဦးအပါအဝင်ဖြစ်သည့် ရဲဘော်ကောင်းကောင်၏ အဖေက “ကျတော်တို့ သားတွေဟာ တော်လှန်ရေးအတွက် ပါဝင်ပေးခဲ့ကြတာပါ။ စကစနဲ့ တိုက်ရင်း အသက်ပေးခဲ့တာဆိုရင် ဘာမှမပြောလိုပါဘူး၊ သူရဲကောင်းမိသားစုအဖြစ် ဂုဏ်ယူနေကြမှာပါ။ ယခုဖြစ်စဉ်က ခရိုင် ပကဖ ခေါင်းဆောင်ရဲ့ စီမံခန့်ခွဲမှုအမှားကြောင့် နယ်စပ်မှာ လက်မဲ့ အသတ်ခံရလို့ ပြောမပြနိုင်အောင် ဝမ်းနည်းရ၊ ခံစားနေရတာပါ” ဟု ဆိုသည်။
မိသားစုဝင်များအတွက် မည်သည့်နှစ်သိမ့်မှုမှ မရရှိသည့်အပြင် အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒထုတ်ဖော်မှုများမှာလည်း ဝေးလံခေါင်ဖျားဒေသ ဖြစ်ခြင်းကြောင့် ကျယ်ကျယ်လောင်လောင် မထွက်နိုင်ဘဲ ရှိနေသည်။
“မိသားစုဝင်တွေက ယနေ့အထိ မေ့လို့မရနိုင်ဘူး။ ဒါကြောင့် ပြည်သူ့အစိုးရအနေနဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုမရှိတဲ့ ခရိုင် ပကဖကို ဘက်လိုက်မှုမရှိဘဲ စစ်ဆေးအရေးယူပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ရဲဘော် (၁၀) ဦး မိသားစုတွေအတွက် အိန္ဒိယစစ်တပ်ဘက်က နစ်နာကြေး လျော်ကြေးများ ထိုက်တန်သလိုပေးဖို့နဲ့ ကျန်ရစ်သူမိသားစုတွေအတွက် နှစ်သိမ့်ပေးနိုင်ရေး ကူညီဆောင်ရွက်ပေးပါဖို့ တောင်းဆိုပါတယ်” ဟု ရဲဘော်ကောင်းကောင်၏ ဖခင်က ဆိုသည်။
အိန္ဒိယစစ်တပ်က ရဲဘော် (၁၀) ဦး၏ မိသားစုဝင်များကို စောင်၊ ခြင်ထောင်၊ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ နို့မှုန့် စသည်ဖြင့် မျိုးစုံကို ထောက်ပံ့ပေးခဲ့သော်လည်း နစ်နာကြေးအနေဖြင့် ငွေသားပေးအပ်ခြင်းမျိုး မရှိကြောင်း ထောက်ပံ့ပစ္စည်း ပေးအပ်ချိန်တွင် လက်ခံယူခဲ့သူတစ်ဦးက ဆိုသည်။
■ တာဝန်ရှိသူများအပေါ် မေးခွန်းထုတ်မှုနှင့် တောင်းဆိုချက်များ
NUG အနေဖြင့် အိန္ဒိယအစိုးရထံ အမှုမှန်ပေါ်ပေါက်ရေး၊ နစ်နာကြေးပေးရေးနှင့် တာဝန်ရှိသူများကို အရေးယူပေးရေး တရားဝင်တောင်းဆိုထားသော်လည်း လက်တွေ့တွင် ထိရောက်မှု မရှိသေးဟု မိသားစုဝင်များက ယူဆနေကြသည်။ ထို့အပြင် တမူးခရိုင် ပကဖ တာဝန်ခံ ဦးမြင့်နိုင်ဦးနှင့် အဖွဲ့အပေါ်တွင်လည်း မိသားစုဝင်များက အယုံအကြည် ပျက်ပြားလျက်ရှိသည်။
ရဲဘော် (၁၀) ဦး၏ မိသားစုဝင်များက ဖြစ်စဉ်တွင် တာဝန်ခံမှု ပျက်ကွက်ခဲ့သည့် တမူးခရိုင် ပကဖ တာဝန်ခံ ဦးမြင့်နိုင်ဦးနှင့် အဖွဲ့ဝင်များအား ထိရောက်စွာ အရေးယူပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံသို့ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၃) ရက်က တိုင်ကြားစာ ပေးပို့ထားသည်။
မိသားစုဝင်များ၏ တိုင်ကြားစာတွင် ခရိုင် ပကဖ တာဝန်ခံ ဦးမြင့်နိုင်ဦးနှင့် ဒု-တာဝန်ခံ (၂) ဦးတို့သည် အောက်ပါအချက်များတွင် ပျက်ကွက်ခဲ့ကြောင်း ဖော်ပြထားသည်။
ရဲဘော်များ ပျောက်ဆုံးနေချိန်နှင့် ရုပ်အလောင်းများ ပြန်လည်ရရှိချိန်များတွင် မိသားစုဝင်များကို အသိပေးခြင်း မရှိဘဲ သတင်းထိန်ချန်ထားခြင်း၊ ခရိုင် ပကဖ တာဝန်ခံသည် မေလ (၁၅) ရက်နေ့တွင် ရဲဘော်များရှိရာ စခန်းသို့ ရောက်ရှိနေပြီး ဖြစ်စဉ်ကို သိရှိသော်လည်း မိသားစုဝင်များက စုံစမ်းသည့်အခါ ဘာမှမသိရသေးကြောင်း လိမ်လည်ပြောဆိုခဲ့ခြင်း၊ ရှေ့တန်းစခန်း ချထားရာတွင် လုံခြုံရေးအရ စိတ်မချရသည့် နေရာမျိုး၌ တာဝန်ပေးခဲ့ခြင်းနှင့် အိန္ဒိယဘက်မှ နယ်စပ်ခြံစည်းရိုးခတ်သည့် ကိစ္စများတွင် ဒေသခံများနှင့် တိုင်ပင်ခြင်း မရှိဘဲ တစ်ကိုယ်တော် ဆုံးဖြတ်ချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်းတို့ဖြင့် တိုင်ကြားထားသည်။
အထက်ပါအချက်များအပြင် နာရေးကိစ္စများတွင် မိသားစုဝင်များ ပါဝင်ခွင့် မပေးခြင်း၊ ရက်လည်ဆွမ်းကျွေးရာသို့ တာဝန်ရှိသူများ လာရောက်ခြင်း မရှိခြင်းနှင့် လူမှုကွန်ရက်ပေါ်တွင် သေဆုံးသူများအား ဂုဏ်သိက္ခာထိခိုက်စေသည့် ရေးသားမှုများ ပြုလုပ်ခဲ့ခြင်းတို့ကိုပါ တိုင်ကြားထားသည်။
ယင်းအပြင် မိသားစုဝင်များက ခရိုင် ပကဖ တာဝန်ခံသည် အာဏာရှင်ဆန်စွာ ဆောင်ရွက်နေပြီး တော်လှန်ရေးရဲဘော်များ၏ အသက်ကို တန်ဖိုးမထားဘဲ မိမိရာထူး တည်မြဲရေးအတွက် အထက်လူကြီးများကို လိမ်လည်တင်ပြနေကြောင်း ပြင်းထန်စွာ ဝေဖန်ထားသည်။ ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာန၏ ငွေကြေးများကို အလွဲသုံးစားလုပ်ခြင်းနှင့် ပတ်သက်၍လည်း သံယယများ ရှိနေကြောင်း တိုင်ကြားစာတွင် ဖော်ပြပါရှိသည်။
သတ်ဖြတ်ခံရသည့် ရဲဘော် (၁၀) ဦး၏ မိသားစုဝင် (၁၀) စုက လက်မှတ်ရေးထိုးကာ ခရိုင် ပကဖ တာဝန်ခံ ဦးမြင့်နိုင်ဦးအား တာဝန်မှ ရပ်စဲပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်၊ ဖြစ်စဉ်မှန်ကို ဖော်ထုတ်ပေးပြီး တာဝန်ရှိသူများအား ထိရောက်စွာ အရေးယူပေးရန်နှင့် နောင်တွင် ယခုကဲ့သို့ မတရားမှုမျိုး ထပ်မံမဖြစ်ပွားစေရန် ကာကွယ်ပေးရန် NUG ကိုတောင်ဆိုးထားသည်။
အဆိုပါ တိုင်ကြားစာကို ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်ဥပဒေချုပ်ရုံးတို့ထံ မိတ္တူပေးပို့ထားသော်လည်း ယနေ့အချိန်ထိ စစ်ဆေးခြင်း၊ အကြောင်းပြန်ကြားခြင်း တစုံတရာ မရှိသေးပေ။
ဤဖြစ်စဉ်နှင့် ပတ်သက်၍ NUG ဘက်မှ မည်သို့ တုံ့ပြန်ဆောင်ရွက်မည်ကို မိသားစုဝင်များက စောင့်မျှော်နေကြသည်။
“ဒီလိုခံစားနေရတာကို လုံးဝမေ့ပျောက်လို့ မရပါဘူး။ နယ်စပ်က တောက်လျှောက်သွားနေတာပါ။ အခု (၁၀) ဦး နောက်ကို (၂၀) လောက်လည်း ဖြစ်နိုင်တယ်။ ကျတော်တို့က နယ်စပ်မှာ နေကြရတာဆိုတော့ ဒီလိုမျိုးဖြစ်မှာကို စိုးရိမ်နေပါတယ်” ဟု ဦးထွန်းဝေက ဆိုသည်။
မြန်မာ-အိန္ဒိယ နယ်စပ်ခြံစည်းရိုးကို မြန်မာဘက်သို့ တိုးချဲ့ခတ်နေခြင်းကို ကန့်ကွက်ခဲ့သည့် နောက်ဆက်တွဲအဖြစ် ယခုကဲ့သို့ ရဲဘော်များ အသက်ပေးလိုက်ရခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ယုံကြည်နေကြသည်။ နယ်စပ်ရွာလေးတွင် ကျဆုံးရဲဘော် (၁၀) ဦး၏ မိသားစုဝင်များ၏ ရင်ထဲတွင်မူ ပူလောင်နေဆဲဖြစ်ပြီး ၎င်းတို့ယုံကြည်သည့် အမှန်တရားနှင့် တရားမျှတမှုကိုသာ စောင့်မျှော်နေကြသည်။
၂၀၂၅ ခုနှစ်၊ မေလ (၁၄) ရက်နေ့က တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော် (၁၀) ဦးသည် အိန္ဒိယအာသံရိုင်ဖယ်တပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထိုဖြစ်စဉ်မှာ အခုဆိုလျှင် (၁၀) လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း နစ်နာသူ မိသားစုဝင်များအတွက်မူ အဖြေရှာမရသေးသည့် ပုစ္ဆာတစ်ပုဒ်လို ဖြစ်နေဆဲပင် ဖြစ်ပါသည်။
