နေပြည်တော်-တောင်တွင်းကြီး ရထားလမ်းဘေးတွင် ဆက်ကြေးကောက်ပြီးပြန်လာသည့် စစ်သားများကို PDF တို့တိုက်ခိုက်ရာ ၄ ဦးသေဆုံးပြီး သေနတ် ၅ လက်ရရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁၄ ရက်၊ ည ၈ နာရီဝန်းကျင်တွင်နေပြည်တော်-တောင်တွင်းကြီး ရထားလမ်းဘေးရှိ ကုလားမကျေးရွာ လမ်းပေါက်၌ သစ်လှည်း ၊ ဝါးလှည်းများကို ဆက်ကြေးကောက်ပြီး ပျဉ်းချောင်းကျေးရွာ အထိုင်စခန်းသို့ ပြန်လာသည့် စစ်သားများအား PDF တို့ တိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်သား တစ်ဦးလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီက ယနေ့(ဇန်နဝါရီ ၁၆ ရက်)မွန်းလွဲပိုင်း၌ သတင်းထုတ်ပြန် သည်။
“အဲဒီနေ့ညက သူတို့ပြန်လာတာ ဆိုင်ကယ် ၃ စီးနဲ့ ၅ ယောက် ပြန်လာတာပါ။ သူတို့ဆက်ကြေးကောက်တာ ကြေးက ပုံမှန်တော့မရှိပါဘူး။ ကြာချိန်က ၁၅ မိနစ်လောက်ပဲဗျ။ သေဆုံးသူတွေကိုမနေ့က(ဇန်နဝါရီ ၁၅ ရက်) ညနေမှ လာကောက်သွားတယ်လို့သိရပါတယ်။ ကပစ ၁၈ ကရောက်လာတာပါ။ကပစ ၁၈နဲ့လည်း နီးပါတယ်။ ဒဏ်ရာရတဲ့သူကတော့ တပ်စွဲထားတဲ့ရွာနဲ့နီးတော့ ပြန်ရောက်သွားတယ်”ဟု ပုဏ္ဏဝတီတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုမှ MA1 သေနတ် ၄ လက် ၊ 79 သေနတ် တစ်လက် ၊ ၄၀ မမ ဗုံးသီး ၆ လုံး ၊ ကျည်အတောင့် ၉၉၀ ၊ ကျည်ဘောက် ၁၀ ခု နှင့် ကျည်ကာ ၂ ခုတို့ သိမ်းဆည်းရမိခဲ့သေးသည်။
“ဆိုင်ကယ်တွေက ကျနော်တို့ဆုတ်လမ်းကို မသိအောင်လို့ ထားခဲ့ရတာပါဗျ။ တိုက်ပွဲဖြစ်ပြီး နောက်နေ့ (ဇန်နဝါရီ ၁၅ ရက်) ကပစ ၁၈ ကအင်အား ၇၀ လောက် ရောက်လာပါတယ်ဗျ”ဟု ၎င်းကဆက်လက်ပြောသည်။
ကုလားမကျေးရွာနှင့် ၅ မိုင်ကျော်ဝေးသည့် ပျဉ်းချောင်းကျေးရွာတွင် စစ်သားအင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပုဏ္ဏဝတီ(တောင်တွင်းကြီး) ၊ သရက်ခရိုင်အမှတ် ၅တပ်ရင်း(ဆင်ပေါင်ဝဲမြို့နယ် ) ၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မကွေးပြောက်ကျားတပ်ဖွဲ့မှ ပူးပေါင်းဆင်နွှဲခဲ့ခြင်း ဖြစ်သည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
စစ်သားများ ဆက်ကြေးကောက်သည့် ကုလားမကျေးရွာသည် နေပြည်တော်နှင့် ၂၅ မိုင်ခန့်ဝေးကာ တောင်တွင်းကြီးမြို့နှင့် ၁၉ မိုင်ကျော် ဝေးသည်။
