မကွေးတိုင်း၊ ကံမမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့်တပ်ကို PDFတို့ တိုက်ခိုက်ခဲ့ရာ ၇ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ဇန်နဝါရီ ၁၅ ရက်၊ ညနေ ၃ နာရီခန့်က ကံမမြို့နယ်၊ ရေနံ့သာရဲကင်းစခန်းမှ ကား ၃ စီးဖြင့် ထွက်လာ ပြီး ပုညိုရွာတွင် ကားများထားခဲ့ကာ ခြေလျင်ထွက်လာသည့် အင်အား ၁၀၀ ကျော်ပါစစ်ကြောင်း၏ ရှေ့ပွိုင့်ကို မင်းကျေးရွာအနီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်းက သတင်းထုတ်ပြန်သည်။
” သူတို့ ကားပေါ်က ဆင်း၊ စစ်ကြောင်းထိုးလာပြီးတော့ ထိုးလားတဲ့ အင်အား ၁၀၀ က စစ်ကြောင်း လျှောက်လာတာပေါ့ဗျာ။ အဲ့မှာ သူတို့ ရှေ့ပွိုင့်ရှိတယ်။ နောက်ပွိုင့်ရှိတယ်ပေါ့။ အဲ့မှာကျနော်တို့က ရှေ့ပွိုင့်ကို ပစ်ခတ်တာ” ဟု သရက်ခရိုင်အမှတ် ၄ တပ်ရင်း၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က MPA သို့ပြောသည်။
ယင်းစစ်ကြောင်းသည် တိုက်ခိုက်ခံရပြီးနောက် တောမကုန်းကျေးရွာသို့ဝင်ရောက်ပြီး ပြည်သူများကို ကြိမ်းမောင်းခြိမ်းခြောက်ကာ အဖိုးတန်ပစ္စည်းများယူဆောင်၍ ကျောက်စောင်းရွာအထိ စစ်ကြောင်းထိုးခဲ့ကြောင်းသိရသည်။
ထို့နောက် တိုက်ပွဲအတွင်း ထိခိုက်၊ သေဆုံးသူများကို သယ်ဆောင်၍ ရေနံ့သာရဲကင်းစခန်းသို့ ပြန်ဆုတ်သွားကြောင်းသိရသည်။
ည ၉ နာရီခန့်တွင် ရေနံ့သာရဲကင်းစခန်းကို PDF တို့က ၄၀ မမ ၃ လုံး ပစ်ခတ်ခဲ့ရာ စခန်းတွင်းကျ ရောက်ပေါက်ကွဲပြီး ထိခိုက်မှုများ ရှိနိုင်ကြောင်းသိရသည်။
” သူတို့ဘက်က ပြန်လည်တုံ့ပြန်တာရှိပါတယ်။ စခန်းတွင်းထဲကနေပြီးတော့ ပြန်ပြီးတော့ ရမ်းသန်း ပစ်ခတ်တာပေါ့နော်။ ကျနော်တို့ကတော့ ၃ လုံးပစ်ခတ်တယ်ပေါ့နော်။ ၄၀ မမ။ စခန်းတွင်းကျရောက် ပေါက်ကွဲတယ်။ ထိခိုက်ရှိနိုင်တယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့ အတိအကျတော့ အတည်မပြုနိုင်သေး ဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ပြင် ဇန်နဝါရီ ၁၅ ရက်နေ့က သရက်မြို့နယ်၊ ဆင်ကော်ရဲစခန်းမှ ထွက်လာသည့် အင်အား ၂၀၀ ခန့် ပါ စစ်ကြောင်းသည် မင်းတုန်းမြို့နယ်၊ ချင်းနစ်ကျေးရွာဘုန်းကြီးကျောင်းတွင် ညအိပ်တပ်စွဲပြီး ဇန်န ဝါရီ ၁၆ ရက် နံနက်ပိုင်း၌ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်းထို့နောက် မင်းတုန်းမြို့နယ်၊ ကံတွင်း ၊ လယ်ပြားနှင့် လက်ပွကျေးရွားများသို့ ဆက်လက်စစ်ကြောင်းထိုးလာကာ ပြည်သူ့နေအိမ် များအား ဖောက်ထွင်းလုယက်သဖြင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ရကြောင်းသိရသည်။
စစ်သားများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
