အရက်နှင့် အချိုရည်များအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် WHO တိုက်တွန်း

ဓာတ်ပုံ - AP

ရောဂါများကို ကာကွယ်နိုင်ရန်အတွက် အချိုရည်များနှင့် အရက်များအပေါ် အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုင်ငံအသီးသီးကို တိုက်တွန်းနှိုးဆော်ထားသည်။

အသစ်ထွက်ရှိလာသည့် အစီရင်ခံစာနှစ်စောင်တွင် အချိုရည်များနှင့် အယ်လ်ကိုဟောပါဝင်သည့် သောက်စရာများသည် အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ထိခိုက်ဒဏ်ရာရမှုများနှင့် ကင်ဆာရောဂါ အပါအဝင် ကျန်းမာရေးပြဿနာများနှင့် ဆက်နွှယ်နေကြောင်း ဖော်ပြထားသည်။

အခွန်နှုန်းထား နည်းပါးခြင်းကြောင့် ထိုထုတ်ကုန်များမှာ ဆက်လက်ဈေးပေါနေပြီး၊ အခြားတစ်ဖက်တွင်မူ ကြိုတင်ကာကွယ်၍ရသော ရောဂါများနှင့် ထိခိုက်ဒဏ်ရာရသူများကို ပြုစုစောင့်ရှောက်ရန် ကျန်းမာရေးစနစ်များအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်ဟု WHO အစီရင်ခံစာများက သတိပေးထားသည်။

“ကျန်းမာရေးအခွန်တွေဟာ ကျန်းမာရေးမြှင့်တင်ဖို့နဲ့ ရောဂါကာကွယ်ဖို့အတွက် ကျွန်တော်တို့မှာရှိတဲ့ အားအကောင်းဆုံး လက်နက်တွေထဲက တစ်ခုပါပဲ” ဟု WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အာဟနွန် ဂေဘရီယေဆု က ပြောကြားခဲ့သည်။

“ဆေးလိပ်၊ အချိုရည်နဲ့ အရက်လို ထုတ်ကုန်တွေအပေါ် အခွန်တိုးမြှင့်ခြင်းအားဖြင့် အစိုးရတွေဟာ ကျန်းမာရေးကို ထိခိုက်စေတဲ့ သုံးစွဲမှုတွေကို လျှော့ချနိုင်သလို၊ အရေးကြီးတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေအတွက် လိုအပ်တဲ့ ရန်ပုံငွေတွေကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

အချိုရည်နှင့် အရက်လုပ်ငန်းများသည် ကမ္ဘာတစ်ဝန်းတွင် ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိနေပြီး လူထု၏ သုံးစွဲမှုကို ပိုမိုမြင့်တက်စေရန် လှုံ့ဆော်ပေးလျက်ရှိသည်။

နိုင်ငံပေါင်း ၁၁၆ နိုင်ငံထက်မနည်းတွင် ဆိုဒါ အပါအဝင် အချိုရည်များကို အခွန်ကောက်ခံသော်လည်း ၁၀၀% သစ်သီးဖျော်ရည်များ၊ နို့ချိုရည်များနှင့် ကော်ဖီ၊ လက်ဖက်ရည် အချိုရည်များကဲ့သို့သော အခြားထုတ်ကုန်အများအပြားမှာမူ အခွန်ကင်းလွတ်နေဆဲဖြစ်သည်။

နိုင်ငံပေါင်း ၉၇% ခန့်သည် အားဖြည့်အချိုရည်များကို အခွန်ကောက်ခံသော်လည်း ထိုနိုင်ငံအရေအတွက်မှာ ၂၀၂၃ ခုနှစ်ကတည်းက တိုးတက်လာခြင်း မရှိကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။

ဒုတိယအစီရင်ခံစာတစ်ခုအရ နိုင်ငံပေါင်း ၁၆၇ နိုင်ငံထက်မနည်းတွင် အရက်ကို အခွန်ကောက်ခံပြီး ၁၂ နိုင်ငံမှာ အရက်သောက်သုံးမှုကို လုံးဝပိတ်ပင်ထားသော်လည်း၊ ၂၀၂၂ ခုနှစ်ကတည်းက နိုင်ငံအများစုတွင် အရက်သည် ပို၍ဈေးပေါလာခြင်း (သို့မဟုတ်) ဈေးနှုန်းမပြောင်းလဲဘဲ ရှိနေခြင်းတို့ ဖြစ်ပေါ်နေသည်။

ဥရောပနိုင်ငံ အများစုအပါအဝင် အနည်းဆုံး ၂၅ နိုင်ငံခန့်သည် ကျန်းမာရေးဆိုးကျိုးများ ရှိနေသော်လည်း ဝိုင် အပေါ် အခွန်ကောက်ခံခြင်း မရှိကြပေ။

အခွန်ကောက်ခံမှုများသည် ငွေကြေးဖောင်းပွမှုနှုန်းကို မမီတော့သဖြင့် အချိုရည်နှင့် အရက်များသည် အခွန်ရှိနေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ လူထုအတွက် ဈေးသက်သာသောပြီး ပို၍ဝယ်ယူရလွယ်ကူသော အခြေအနေသို့ ရောက်ရှိနေကြောင်း အစီရင်ခံစာများက ဆိုသည်။

၂၀၂၂ ခုနှစ်က ပြုလုပ်ခဲ့သော Gallup လူထုစစ်တမ်းတစ်ခုအရ လူအများစုသည် အရက်နှင့် အချိုရည်များအပေါ် အခွန်ပိုမိုကောက်ခံခြင်းကို ထောက်ခံကြကြောင်း တွေ့ရှိရသည်။