အမေရိကန်ဒေါ်နယ်ထရန့်ပ်သည် လွန်ခဲ့သော လအနည်းငယ်က လေဖြတ်ဝေဒနာ ခံစားခဲ့ရပြီး ယင်းကို အမေရိကန်ပြည်သူများထံမှ ဖုံးကွယ်ထားခဲ့ကြောင်း ဆရာဝန်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ he Daily Beast သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဝါရှင်တန်ပြည်နယ် တက္ကသိုလ်မှ ပရော်ဖက်ဆာ ဘရုစ် ဒေးဗစ်ဆင် ယခုကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပြီး ၎င်းတွင် သက်သေအထောက်အထားများ ရှိကြောင်းလည်း ဆိုသည်။
ပရော်ဖက်ဆာ ဒေးဗစ်ဆင်သည် ၎င်းတက္ကသိုလ် ဆေးကောလိပ်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။
သမ္မတသည် ပြီးခဲ့သည့်နှစ်က ပြင်းထန်သော ကျန်းမာရေးပြဿနာတစ်ခု ခံစားခဲ့ရသည်ဟု ၎င်းက ယုံကြည်နေကြောင်းနှင့် ယင်းကို ထောက်ခံသည့် “အထောက်အထားများ” ကို အချိန်အတန်ကြာ တင်ပြခဲ့ကြောင်း Daily Beast သတင်းဌာနက ဖော်ပြသည်။
သမ္မတ၏ ကျန်းမာရေးနှင့် ပတ်သက်၍ ယခင်ကလည်း မေးခွန်းထုတ်မှုများ ရှိခဲ့ဖူးသည်။
အချို့က သူ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို သံသယရှိကြပြီး အချို့က သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို စောင့်ကြည့်ခဲ့ကြသည်။
သို့သော် ယခုအခါတွင်မူ ကျွမ်းကျင်သူတစ်ဦးက သူသည် အမှန်တကယ် လေဖြတ်ခဲ့ပြီး ယင်းကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပြောကြားလာခြင်းဖြစ်သည်။
The Court of History အမည်ရှိ Podcast တွင် ပရော်ဖက်ဆာ ဒေးဗစ်ဆင်က “သူ့ရဲ့ လေဖြတ်မှုဟာ ခန္ဓာကိုယ်ရဲ့ ညာဘက်ခြမ်းကို ထိန်းချုပ်တဲ့ ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းမှာ ဖြစ်ခဲ့တာလို့ ကျွန်တော် ထင်ပါတယ်။ အဲဒါဟာ လွန်ခဲ့တဲ့ ခြောက်လလောက် ဒါမှမဟုတ် ၂၀၂၅ ခုနှစ် အစောပိုင်းက ဖြစ်ခဲ့တာပါ” ဟု ဆိုသည်။
“သူ လမ်းလျှောက်တဲ့အခါ ခြေထောက်ကို တရွတ်တိုက် ဆွဲလျှောက်နေတဲ့ ဗီဒီယိုတွေ ရှိပါတယ်။ အရင်တုန်းက ဂေါက်ကွင်းမှာ သူလျှောက်သလိုမျိုး မဟုတ်တော့ဘူး။ နောက်ပြီး သူ့ရဲ့ ညာဘက်လက်ကို ဘယ်ဘက်လက်နဲ့ မ၊ ထိန်းထားတာမျိုးကိုလည်း ကျွန်တော်တို့ တွေ့ရတယ်။ ၂၀၂၅ အစောပိုင်းတုန်းက သူ စကားတွေ ဗလုံးဗထွေး ပြောခဲ့တာတွေ ရှိတယ်၊ အရင်က သူ အဲဒီလို မဖြစ်ဖူးဘူး” ဟု လည်း ၎င်းက ထောက်ပြသည်။
ထို့အပြင် လေဖြတ်ခြင်း၏ လက္ခဏာတစ်ခုဖြစ်သော နေ့ဘက်တွင် အလွန်အမင်း အိပ်ငိုက်ခြင်း (Hypersomnolence) အခြေအနေများကိုလည်း ၎င်းက ဖော်ပြခဲ့သည်။
သမ္မတသည် Air Force One လေယာဉ်ပေါ်မှ ဆင်းချိန်တွင် လက်ယာသန် ဖြစ်သော်လည်း ဘယ်ဘက်လက်ဖြင့် လက်ရန်းကို ကိုင်ထားသည့် ဗီဒီယိုကိုလည်း လေ့လာခဲ့ပြီးနောက် ယင်းမှာ “ဦးနှောက်ဘယ်ဘက်ခြမ်း လေဖြတ်ထားခြင်းနှင့် ကိုက်ညီနေသည်” ဟု ဒေးဗစ်ဆင်က ဆိုသည်။
ဒေါ်နယ်ထရန့်ပ် သို့မဟုတ် ၎င်း၏ အစိုးရအဖွဲ့ကို မေးမည်ဆိုလျှင် သူသည် ရုပ်ပိုင်းရော စိတ်ပိုင်းပါ အလွန်ကျန်းမာနေကြောင်း ပြောကြလိမ့်မည်ဖြစ်သော်လည်း အခြားသူများကမူ သူသည် မှတ်ဉာဏ်ချို့ယွင်းမှု သို့မဟုတ် သူငယ်ပြန်သည့် လက္ခဏာများ ခံစားနေရသည်ဟု စွပ်စွဲကြသည်။
တရားဝင် အတည်ပြုချက် မရှိသရွေ့ သမ္မတသည် ကျန်းမာရေး ကောင်းမွန်သည်ဟုသာ မှတ်ယူရမည်ဖြစ်သည်။
ထရန့်ပ် ကိုယ်တိုင်ကမူ နှလုံးရောဂါ ကာကွယ်ရန်အတွက် အက်စပရင် (Aspirin) ဆေးပြားများကို သတ်မှတ်ထားသည်ထက် ပိုသောက်ကြောင်း ဝန်ခံထားသည်။
ထို့အပြင် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် သူကိုယ်တိုင် ဝန်ခံခဲ့သည့် သွေးပြန်ကြောဆိုင်ရာ ရောဂါ (Chronic venous insufficiency) ကြောင့် ခြေကျင်းဝတ်များ ရောင်ရမ်းနေခြင်းကို ဖုံးကွယ်ထားပြီး မျက်နှာတစ်ခြမ်း တွဲကျနေသည်ကို တွေ့ရကြောင်းလည်း အချို့က ထောက်ပြကြသည်။
ဒေးဗစ်ဆင်က သမ္မတ၏ အပြုအမူများသည် လေဖြတ်ပြီးနောက်ပိုင်း ဖြစ်လေ့ရှိသော လက္ခဏာများ ဖြစ်နိုင်ကြောင်းလည်း ဆိုသည်။
“ဒါဟာ အရမ်းပြင်းထန်ပြီး အသက်အန္တရာယ်ရှိတဲ့၊ ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်ပါ။ လူတွေက တုံ့ပြန်ပုံချင်း မတူကြဘူး။ အချို့က နှိမ့်ချလာပြီး ကျေးဇူးတင်တတ်လာကြတယ်။ အချို့ကတော့ ‘ငါ သေဘေးက လွတ်လာပြီ’ ဆိုပြီး စိတ်လှုပ်ရှား တက်ကြွလာတတ်ကြတယ်။ အချို့ကတော့ ‘ငါ သေဖို့ အခွင့်အရေး ရခဲ့ပေမဲ့ မသေခဲ့ဘူး၊ ဒါကြောင့် နောက်တစ်ခါ မသေခင် ငါလုပ်ချင်တာ အကုန်လုပ်မယ်’ ဆိုတဲ့ စိတ်မျိုး ဖြစ်သွားတတ်ကြတယ်” ဟု ၎င်းက ရှင်းပြသည်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီဗစ် ကမူ “သမ္မတရဲ့ ဆရာဝန် ဒေါက်တာ ရှောင် ဘာဘာဘယ်လာက အကြိမ်ကြိမ် ရှင်းလင်းထားပြီး ဖြစ်သလို၊ အမေရိကန်ပြည်သူတွေလည်း နေ့တိုင်း မြင်တွေ့နေရတဲ့အတိုင်း သမ္မတ ထရန့်ပ်ဟာ အလုံးစုံ ကျန်းမာရေး ကောင်းမွန်နေပါတယ်။ အခုလို လုပ်ကြံထားတဲ့ သတင်းအတုတွေကို တွန်းအားပေးနေတာကြောင့်ပဲ အမေရိကန်ပြည်သူတွေရဲ့ မီဒီယာတွေအပေါ် ယုံကြည်မှုဟာ အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားရတာ ဖြစ်ပါတယ်” ဟု တုံ့ပြန် ပြောကြားခဲ့သည်။
