ဗိုလ်ချုပ်ဟောင်း၏တူ ရေစကြိုပျူခေါင်းဆောင် ဒရုန်းဗုံး ထိမှန် သေဆုံးဟုဆို

ဓာတ်ပုံ - ရေစကြို ပကဖ
ပုံစာ - တိုက်ပွဲဝင် ရဲဘော်များ။(ပုံဟောင်း)

ဒုဗိုလ်ချုပ်ကြီးဟောင်း စိုးမောင်၏ တူဖြစ်သူ ပျူစောထီးခေါင်းဆောင်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၅ရက်၊ညနေ ၅နာရီခွဲခန့်တွင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေစကြို-ပခုက္ကူကားလမ်း ဘေးရှိ ဆင်ချောင်းပျူရွာကို ဒရုန်း ၂စင်းဖြင့် ဗုံး ၁၅လုံးကြဲချခဲ့ရာ ခြင်းခတ်နေကြသည့် ပျူစောထီး ခေါင်းဆောင်လင်းထင်(ခ)ငလင်းအပါအဝင် ပျူစောထီး၁၀ဦးခန့် သေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။

” ဆင်ချောင်ရွာထဲမှာ သူတို့ခြင်းခတ်တဲ့နေရာပေါ့နော်။ အဲဒီကိုပဲ ဒရော့ဗုံး ၁၅ လုံးကြဲချပြီး တိုက်ခိုက် ခဲ့တာဗျ။ ပျူတွေ ခြင်းခတ်နေတဲ့အချိန်ကျတာဆိုတော့ ငလင်းအပါအဝင် ၁၀ဦးသေဆုံးတယ်လို့ ခိုင်လုံတဲ့ရင်းမြစ်တွေဆီကနေ သိရပါတယ်။ ဖြစ်ပြီးပြီးချင်းမှာ ပခုက္ကူဘက်ကနေ အင်အား ၁၀၀ လောက်နဲ့ရောက်လာပြီး အလောင်းတွေကို ပခုက္ကူဆေးရုံသယ်သွားတယ်။ အင်အားတွေလည်း တစ်ခါတည်း ပြန်ပါသွားပါပြီ။ ခုတော့ ရွာမှာမရှိတော့ပါဘူး” ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ ၊ သတင်းပြန်ကြားတာဝန်ခံက MPA ကို ပြောသည်။

သေဆုံးသွားသည့် ပျူစောထီးခေါင်းဆောင် လင်းထင် (ခ) ငလင်းသည် သိန်းစိန်အစိုးရလက်ထက် သမ္မတရုံး ဝန်ကြီး၊ ဒုဗိုလ်ချုပ်ကြီးဟောင်း စိုးမောင်၏ တူဖြစ်သည်။

ပျူစောထီးခေါင်းဆောင် လင်းထင်ကို အရှင်လက်ရဖမ်းဆီးနိုင်ရန် တစ်လကျော်ကြာစောင့်ဆိုင်း၍ ဝေဟင်မှကင်းထောက်ခြင်းနှင့် မြေပြင် စနိုက်ဘာတပ်ဖွဲ့ဝင်များက နေ့စဥ်ကင်းထောက်ခြင်းတို့ ပြုလုပ်ခဲ့ကြသေးကြောင်း သိရသည်။

လင်းထင်သည် အမျိုးသမီးများကို ဖမ်းဆီး မု‌ဒိမ်းကျင့်ခဲ့ပြီး ပြည်သူလူထုအပေါ် ငွေကြေးကောက်ခံသည့် သက်သေများကို ရေစကြိုပကဖက ယခင်ကတည်းက ရရှိခဲ့ပြီးဖြစ် ကြောင်း သိရသည်။

ဆင်ချောင်းပျူရွာသည် ရေစကြိုမြို့နှင့် ၁၂မိုင်ခန့်ကွာဝေးပြီး ယင်းရွာ၌ စစ်သားနှင့် ပျူအင်အား ၄၀ ခန့်ရှိကြောင်း သိရသည်။

ပျူစောထီးများသေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။