ပြီးခဲ့သည့် သီတင်းပတ်အတွင်း Italian-Thai Development (ITD) ကုမ္ပဏီက တာဝန်ယူထားသည့် ဆောက်လုပ်ရေး လုပ်ငန်းများမှ ကရိန်းများ ပြိုကျကာ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အဆိုပါ ကုမ္ပဏီက တာဝန်ယူထားသည့် အဓိကဆောက်လုပ်ရေးစီမံကိန်း စာချုပ် ၁၄ ခုအား ချက်ချင်းရပ်ဆိုင်းရန် ထိုင်းအစိုးရ ပို့ဆောင်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၆ ရက်တွင် အမိန့်ထုတ်ပြန်လိုက်သည်။
အဆိုပါကုမ္ပဏီ၏ လက်ရှိစာချုပ်နှစ်ခုအား ပယ်ဖျက်ရန် ဝန်ကြီးချုပ် အနူတင် ချာန်ဝီရပ်ကူးလ်၏ တိုက်ရိုက်ညွှန်ကြားချက် ထွက်ပေါ်လာပြီးနောက်၊ ပို့ဆောင်ရေးဝန်ကြီး ဖတ် ရာ့ချာကစ်ပရာကန်က ITD ၏ ဆောက်လုပ်ရေး လုပ်ငန်းများကို ၁၅ ရက်ကြာ လုပ်ငန်းရပ်ဆိုင်းရန် ကြေညာခဲ့သည်။
လုပ်ငန်းရပ်ဆိုင်းထားစဉ်အတွင်း ကျွမ်းကျင်သူအဖွဲ့များက ITD ၏ လုပ်ငန်းခွင်အားလုံးတွင် တင်းကြပ်သော ဘေးအန္တရာယ်ကင်းရှင်းရေး စစ်ဆေးမှုများကို ဆောင်ရွက်သွားမည်ဖြစ်သည်။
“အခုလိုဖြစ်စဉ်မျိုးတွေ ထပ်တလဲလဲ ဖြစ်ပွားနေချိန်မှာ ကျွန်တော်တို့အနေနဲ့ ဒီအတိုင်း ထိုင်ကြည့်နေလို့ မရပါဘူး” ဟု ဝန်ကြီးဌာန၏ သတင်းရင်းမြစ်တစ်ခုက သတင်းထောက်များအား ပြောကြားခဲ့သည်။
ထိုင်းအစိုးရက ITD ၏ လုပ်ငန်းများကို ချက်ချင်းရပ်တန့်စေရုံသာမက ပို့ဆောင်ရေးဝန်ကြီးဌာနကလည်း ကရိန်းပြိုကျရခြင်း၏ အရင်းအမြစ်များကို စုံစမ်းစစ်ဆေးရန်နှင့် တာဝန်ရှိသူများကို ဖော်ထုတ်ရန် အဆင့်မြင့် “ဖြစ်ရပ်မှန် စုံစမ်းစစ်ဆေးရေးကော်မတီ” တစ်ရပ်ကိုလည်း ဖွဲ့စည်းခဲ့သည်။
ထို့အပြင် တစ်နိုင်ငံလုံးရှိ အခြားသော အဓိက လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံ စီမံကိန်းများအားလုံးတွင်လည်း ဘေးကင်းရေး စစ်ဆေးမှုများ ၁၅ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက အတည်ပြုခဲ့သည်။
မကြာသေးမီက ဖြစ်ပွားခဲ့သော မတော်တဆမှုများကြောင့် ထိခိုက်နစ်နာခဲ့သူများအတွက် လျော်ကြေးပေးအပ်ရေး လုပ်ငန်းစဉ်များကို အရှိန်မြှင့် ဆောင်ရွက်ရန်လည်း ထိုင်းအစိုးရက ITD ကုမ္ပဏီကို ညွှန်ကြားထားသည်။
