ဖြူး၊ စစ်တောင်းတံတားစောင့် စစ်သား ၃ ယောက် စနိုက်ပါထိပြီး သေဆုံးဟုဆို

ဓာတ်ပုံ - ASMRတပ်ရင်း၊ Falcons Guerrilla Force စွန်ရဲတပ်ခွဲ
ပုံစာ - စစ်တောင်းတံတား စစ်တပ်ဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ်စဉ်

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ စစ်တောင်းမြစ်တံတားထိပ်ရှိ စစ်တပ်ဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ယနေ့ (ဇန်နဝါရီ ၁၇ ရက်) နံနက် ၁၀ နာရီခန့်တွင် ဖြူးမြို့နယ်၊ မုန်း-အုတ်ဖြတ် လမ်းပိုင်း စစ်တောင်းမြစ်တံတား၌ အထိုင်ချတပ်စွဲထားသည့် စစ်သားများကို စနိုက်ပါဖြင့် ၃ ချက်ပစ်ခတ်ခဲ့ ကြောင်း ASMR တပ်ရင်း၊ Falcons Guerrilla Force စွန်ရဲတပ်ခွဲထံက သိရသည်။

” တံတာထိပ်မှာ ဘန်ကာအခိုင်အမာဆောက်ပြီး နေကြတာပါဗျ။ ပစ်တဲ့အချိန်မှာ ၃ကောင်လုံး မှောက်သွားပါတယ်။သူတို့လူတွေတက်ဆွဲပြီး ကားနဲ့လာသယ်သွားပါတယ်ဗျ။ ဖြူမြို့ဘက်ထဲပို့တယ် လို့ထင်ပါတယ်ဗျ” ဟု ASMR တပ်ရင်း၊Falcons Guerrilla Force စွန်ရဲအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

စနိုက်ပါ ထိပြီးချိန်တွင် စစ်သားများက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

“ဂိတ်ဆိုပေမဲ့ လမ်းကပိတ်ထားတာကြာပါပြီ။ သူတို့နဲ့ ပတ်သက်ဆက်နွှယ်သူလောက်ပဲ သွားလို့ရ တာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းဂိတ်နှင့် ဖြူးမြို့သည် ၁၂ မိုင်ဝန်းကျင်သာဝေးသည်။

ယင်းတိုက်ခိုက်မှုကိုASMRတပ်ရင်း၊ Falcons Guerrilla Force စွန်ရဲတပ်ခွဲနှင့် KNLA တပ်ရင်း ၈တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စစ်သားများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။