အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ဂမ်ဘီယာနိုင်ငံက စွဲဆိုထားသော လူမျိုးသုဉ်းသတ်ဖြတ်မှုအမှုနှင့် ပတ်သက်၍ စစ်ကော်မရှင်ဘက်မှ ငှားရမ်းထားသည့် ဦးဆောင်ရှေ့နေ Mr. Christopher Staker ၏ လျှောက်လဲချက်များသည် လူသားချင်းစာနာမှု ကင်းမဲ့နေပြီး ဥပဒေကြောင်းဆိုင်ရာ နည်းပညာပိုင်းများဖြင့်သာ အမှန်တရားကို ဖုံးကွယ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ဝေဖန်ကြသည်။
Mr. Christopher Staker က ဤအမှုသည် ပြစ်မှုကြောင်းစစ်ဆေးခြင်းမဟုတ်ဘဲ နိုင်ငံအချင်းချင်း တာဝန်ရှိမှုအပေါ် အငြင်းပွားမှုကို ဖြေရှင်းသည့် တရားရုံးသာဖြစ်ကြောင်း ဆိုကာ၊ လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) အမည်တပ်ရန်အတွက် သက်သေပြရန်တာဝန်မှာ အလွန်မြင့်မားကြောင်း အဓိကထား တင်ပြခဲ့သည်။
“ဒီတင်ပြချက်တွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ အတော်လေး ဒေါသထွက်နေကြတယ်ဗျ။ ရှေ့နေဖြစ်သူက ဥပဒေစံနှုန်းတွေ၊ နည်းပညာပိုင်းဆိုင်ရာ အချက်အလက်တွေကိုပဲ အဟုတ်ကြီးလုပ် ပြနေတာဟာ တကယ်တော့ မြေပြင်မှာ လူတွေ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရတာတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ဖြစ်ရပ်မှန်တွေကို လူတွေမေ့သွားအောင်၊ မှေးမှိန်သွားအောင် တမင်သက်သက် လမ်းကြောင်းလွှဲပြီး ကြိုးစားနေတာပဲ” ဟု အမည်မဖော်လိုသည့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
ရှေ့နေ Mr. Christopher Staker က ဂမ်ဘီယာနိုင်ငံသည် တိုက်ရိုက်ထိခိုက်နစ်နာခြင်း မရှိဘဲ ဤအမှုကို စွဲဆိုခြင်းဖြစ်ကြောင်းနှင့် Genocide Convention ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို မိမိတို့နိုင်ငံရေးအမြင်အရသာ ပြောဆိုနေခြင်းဖြစ်ကြောင်း ထည့်သွင်းလျှောက်လဲခဲ့သည်။
“ဒါဟာ နိုင်ငံတကာ သဘောတူညီချက်တွေအရ ကိုယ့်မှာရှိတဲ့ တာဝန်တွေကို မကျေပွန်ချင်လို့ ရှောင်လွှဲဖို့ ကြိုးစားတဲ့ နည်းလမ်းတစ်ခုပဲ၊ ပိုပြီး စိတ်မကောင်းစရာကောင်းတာက ကျူးလွန်ခံခဲ့ရတဲ့သူတွေရဲ့ ရင်နင့်စရာ နာကျင်မှုတွေကို ဥပဒေစာအုပ်ထဲက စကားလုံးတွေနဲ့ပဲ ဖုံးကွယ်ပြီး ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားနေတာပါ” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
လျှောက်လဲချက်အတွင်း ၂၀၁၆ နှင့် ၂၀၁၇ ဖြစ်စဉ်များကို နယ်မြေရှင်းလင်းရေး နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးများအဖြစ် ပုံဖော်သွားခဲ့ပြီး၊ စစ်တပ်၏ လုပ်ရပ်မှာ အချုပ်အခြာအာဏာကို ကာကွယ်ခြင်းသာဖြစ်သည်ဟု စစ်ကော်မရှင်ဘက်မှ ရှေ့နေက အခိုင်အမာ ပြောဆိုခဲ့သည်။
ဤအချက်အပေါ် လူ့အခွင့်အရေးသမားများက တုံ့ပြန်ရာတွင် အကြမ်းဖက်သမားများကို နှိမ်နင်းခြင်းဖြစ်သည်ဟု ဆိုသော်လည်း အမှန်တကယ်တွင် အရပ်သား ထောင်သောင်းမက ဒုက္ခရောက်ခဲ့ရခြင်းမှာ ငြင်းမရသည့် အမှန်တရားဖြစ်ကြောင်းနှင့် အချိုးမကျသော အင်အားသုံးမှု ဖြစ်ကြောင်း ဝေဖန်ကြသည်။
ထို့ပြင် ကုလသမဂ္ဂ၏ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ၏ အစီရင်ခံစာများကို သက်သေအဖြစ် အသုံးမပြုသင့်ကြောင်းနှင့် ယင်းတို့မှာ တစ်ဖက်သတ် မေးမြန်းစုဆောင်းထားသည့် အချက်များသာဖြစ်သည်ဟု စစ်ကော်မရှင် ရှေ့နေက ပယ်ချခဲ့သည်။
နိုင်ငံတကာ သုံးသပ်သူများကမူ မြန်မာနိုင်ငံသည် ထိုအဖွဲ့ကို ပြည်တွင်းဝင်ရောက်ခွင့် ပိတ်ပင်ထားခဲ့ပြီးမှ ယခုကဲ့သို့ သက်သေမခိုင်လုံဟု ဆိုခြင်းမှာ ကျိုးကြောင်းဆီလျော်မှု မရှိကြောင်းနှင့် အမှန်တရားကို မျက်ကွယ်ပြုရန် ကြိုးစားခြင်းသာဖြစ်ကြောင်း ရှုမြင်ကြသည်။
ယင်းအပြင် Mr. Christopher Staker က ဒုက္ခသည်စခန်းများမှ သက်သေများ၏ ထွက်ဆိုချက်ကို လူပြောသူပြော မျှသာဟု သတ်မှတ်ခြင်းမှာ ကျူးလွန်ခံရသူများ၏ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် နာကျင်ဖွယ်ရာ အတွေ့အကြုံများကို တန်ဖိုးမထားဘဲ စော်ကားလိုက်ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ပြင်းပြင်းထန်ထန် ထောက်ပြကြသည်။
ဆက်လက်ပြီး လျှောက်လဲချက်တစ်လျှောက်တွင် “ရိုဟင်ဂျာ” အစား “ဘင်္ဂါလီ” ဟု သုံးနှုန်းခဲ့ခြင်းမှာလည်း မြန်မာနိုင်ငံအနေဖြင့် ဤလူမျိုးစုများ၏ တည်ရှိမှုကို အသိအမှတ်မပြုဘဲ ဖယ်ကျဉ်ထားသည့် မူဝါဒကို ဆက်လက်ဆုပ်ကိုင်ထားကြောင်း နိုင်ငံတကာရှေ့မှောက်တွင် ပြသလိုက်ခြင်းပင်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
သေးငယ်သော ရွာကလေးများတွင် နေထိုင်သူများကို Genocide Convention အောက်မှ အုပ်စုဟု သတ်မှတ်၍မရနိုင်ကြောင်း Mr. Christopher Staker ၏ ပြောဆိုချက်မှာလည်း လူနည်းစုများ၏ အခွင့်အရေးကို ဥပဒေကြောင်းအရ ပေါ့ပျက်ပျက် ပြုလုပ်ရာရောက်သည်ဟု လူ့အခွင့်အရေးသမားများက ယူဆကြသည်။
Mr. Christopher Staker ၏ လျှောက်လဲချက်များသည် စစ်ကော်မရှင်ကို အကာအကွယ်ပေးရန် ဥပဒေနည်းပညာများကို အစွမ်းကုန် အသုံးချသွားခြင်းဖြစ်သော်လည်း၊ ကမ္ဘာကြီး၏ အမြင်တွင်မူ ဤသည်မှာ လူသားချင်းစာနာမှု ကင်းမဲ့သည့် တာဝန်ရှောင်မှုအဖြစ်သာ မှတ်တမ်းဝင်မည်ဖြစ်ကြောင်း လူ့အခွင့်အရေးသမားများက သုံးသပ်ကြသည်။
ICJ တရားခွင်အတွင်း စစ်ကော်မရှင် ရှေ့နေ၏ လျှောက်လဲချက်များသည် ဥပဒေကြောင်းအရ အားသာချက်ရှာဖွေမှုများသာ ဖြစ်ပြီး၊ မြေပြင်မှ ကျန်ရစ်ခဲ့သည့် ပြာပုံများ၊ သင်္ချိုင်းများနှင့် ဒုက္ခသည်တို့၏ အသံများကို ဖုံးကွယ်၍ မရကြောင်း ၎င်းတို့က ထောက်ပြသည်။
