မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကြုံတွေ့နေရသည့် အထွေထွေကျပ်တည်းမှုများကြောင့် လူငယ်စုံတွဲများအကြား ကလေးယူရန် ဆုံးဖြတ်လိုစိတ်များ လျော့နည်းလာကြောင်း စုံစမ်းသိရှိရသည်။
MPA သတင်းဌာနက မြို့ကြီးများ၊ လွတ်မြောက်နယ်မြေများနှင့် ပြည်ပရောက် လူငယ်စုံတွဲ ဆယ်တွဲကျော်ကို မေးမြန်းခဲ့ရာတွင် အနာဂတ်အတွက် စိုးရိမ်မကင်းဖြစ်မှုများကြောင့် ယင်းကဲ့သို့ ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။
ရန်ကုန်မြို့တွင် နေထိုင်သည့် ကုမ္ပဏီဝန်ထမ်း လူငယ်စုံတွဲတစ်တွဲက ၎င်းတို့အနေဖြင့် အနာဂတ်မရေရာသော စစ်အာဏာရှင်လက်အောက်တွင် မျိုးဆက်သစ်ရင်သွေးအား မွေးဖွားလိုခြင်းမရှိကြောင်း ဆိုသည်။
အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက “ကိုယ့်ဘဝတောင် ကိုယ်မရေရာတဲ့အတွက် မွေးလာမယ့်ကလေးရဲ့ ဘဝကို ဘယ်လိုမှ မတွေးနိုင်ဘူး။ စစ်အာဏာရှင်လက်အောက်မှာ မချမ်းသာတဲ့ ကျတော်တို့အတွက် ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ လုံးဝမစဉ်းစားရဲဘူး” ဟု ၎င်း၏ အခက်အခဲကို ပြောကြားသည်။
ထို့ပြင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သွားရောက်အလုပ်လုပ်ကိုင်နေရသည့် လူငယ်စုံတွဲတစ်တွဲကလည်း စီးပွားရေးအဆင်မပြေမှုများကြောင့် ကလေးယူရန် မစဉ်းစားနိုင်သေးကြောင်း ဆိုသည်။
အသက် ၂၈ နှစ်အရွယ်ရှိ ဇနီးဖြစ်သူက “ညီမတို့က ဒီမှာ တရားဝင်နေထိုင်ခွင့်တောင် သေချာရှိတာမဟုတ်ဘဲ နားလည်မှုနဲ့ လုပ်ကိုင်နေထိုင်နေရတာပါ။ ဘယ်တော့ ဘာဖြစ်မယ်မှန်းမသိသလို၊ နေဖို့စားဖို့ကလည်း တစ်လကို ဘတ်တစ်သောင်းတောင် မလောက်ငတော့တဲ့အတွက် ကလေးမယူနိုင်သေးပါဘူး” ဟု ရှင်းပြသည်။
စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပြေးလွှားရှောင်တိမ်းနေရသည့် စစ်ကိုင်းတိုင်းအတွင်းမှ လူငယ်စုံတွဲတစ်တွဲကမူ နိုင်ငံတစ်ခုလုံး စစ်အာဏာရှင်လက်အောက်မှ မလွတ်မြောက်သေးသရွေ့ ကလေးယူရန် ဆုံးဖြတ်မည်မဟုတ်ကြောင်း ပြောသည်။
ခင်ပွန်းဖြစ်သူ တော်လှန်ရေးရဲဘော်က “ချစ်ခြင်းတရားကို မထိန်းချုပ်နိုင်လို့သာ လက်ထပ်လိုက်တာပါ။ ဘယ်နေ့သေမလဲမသိတဲ့အတွက် ရှင်သန်နေတုန်း အတူလက်တွဲချင်တာနဲ့ လက်ထပ်ခဲ့တာပါ။ တိုင်းပြည်မလွတ်မြောက်သေးဘဲ ကလေးမယူဘူး။ ယူလိုက်ရင် ဒီကလေး ဘယ်တော့မိဘမဲ့ဖြစ်သွားမလဲဆိုတာ တွေးပူနေရမှာမို့ နှောင်ကြိုးတွေ ထပ်မရစ်ချင်တော့ဘူး” ဟု ဆိုသည်။
၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် လူငယ်များသည် လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်လာကြရာ နိုင်ငံအနှံ့အပြား၌ ခုခံတော်လှန်စစ်များ ဖြစ်ပွားလျက်ရှိသည်။ တစ်ဖက်တွင်လည်း ပြည်တွင်း၌ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေပြီး ပြည်သူအများစုမှာ ဆင်းရဲမှုနွံထဲ၌ တစ်နေ့ထက်တစ်နေ့ ပိုမိုနစ်မွန်းနေကြသည်ကို တွေ့ရှိရသည်။
အဆိုပါ အခြေအနေများကြောင့်ပင် စုံတွဲများအကြား ကလေးယူရန် ဆုံးဖြတ်မှုများ လျော့နည်းလာခဲ့ပြီး ပြီးခဲ့သည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံ၏ ကလေးမွေးဖွားမှုနှုန်းမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။
ယင်းသို့ ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာခြင်းကို အာဏာသိမ်းစစ်ခေါင်းဆောင်များကလည်း ဝန်ခံထားကြပြီး နိုင်ငံ၏လူဦးရေသည် ၂၀၁၄ ခုနှစ်က ရှိခဲ့သည့် ၅၁ သန်းကျော်ဝန်းကျင်တွင်သာ ဆက်လက်တန့်နေကြောင်း သိရသည်။
