အကျဉ်းသားနှင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သည့် ဗြိတိန် အကျဉ်းဦးစီး အမျိုးသမီးအရာရှိ ထောင်ဒဏ် ၃၂ ပတ် ပြစ်ဒဏ်ချမှတ်ခံရ

ဓာတ်ပုံ - လူမှုကွန်ရက်

ဗြိတိန်နိုင်ငံ၊ ဆပ်ဖော့ခ် ပြည်နယ်ရှိ အကျဉ်းထောင်တစ်ခုတွင် အကျဉ်းသားတစ်ဦးနှင့် လိင်ဆက်ဆံမှု ပြုလုပ်စဉ် မိမိကိုယ်တိုင် ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသည့် ကင်မရာ (Body-worn camera) ၌ မှတ်တမ်းတင်မိခဲ့သော အကျဉ်းဦးစီးအရာရှိဟောင်းတစ်ဦးကို ကိန်းဘရစ်ချ် တရားရုံးက ဇန်နဝါရီ ၁၆ ရက်တွင် ထောင်ဒဏ် ၃၂ ပတ် ချမှတ်ခဲ့သည်။

အသက် ၄၆ နှစ်အရွယ် ရေဗက်ကာ ပင်ကတ် သည် HMP Highpoint အကျဉ်းထောင်တွင် တာဝန်ထမ်းဆောင်နေစဉ် ထောင်ဒဏ် ၁၆ နှစ် ကျခံနေရသော မူးယစ်ဆေးဝါး တရားခံ အီရီယွန် နက်ဒီ နှင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့က ပစ္စည်းသိုလှောင်ခန်းအတွင်း လိင်ဆက်ဆံခဲ့ခြင်း ဖြစ်သည်။

အခြားအရာရှိတစ်ဦးက အခြားသက်သေများအတွက် ကင်မရာမှတ်တမ်းကို စစ်ဆေးရာမှ ငါးမိနစ်ခြားစီ ရိုက်ကူးမိထားသော ဗီဒီယိုဖိုင် နှစ်ခုကို မတော်တဆ တွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။

ပင်ကတ်ကလည်း ပြည်သူ့ဝန်ထမ်း ရာထူးကို အလွဲသုံးစားလုပ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

ပင်ကတ်၏ အပြုအမူမှာ ယခုဖြစ်စဉ်တစ်ခုတည်း မဟုတ်ကြောင်း တရားရုံးတွင် တင်ပြခဲ့ပါသည်။ သူမသည် ထိုနှစ် ဧပြီလကတည်းက နက်ဒီထံသို့ Moonpig နှုတ်ခွန်းဆက်ကတ်တစ်ခု ပေးပို့ခဲ့ဖူးပြီး၊ သူမ၏ ဖုန်းအတွင်း၌လည်း အဆိုပါ အကျဉ်းသား၏ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း တရားလိုဘက်က ထုတ်ဖော်ခဲ့ သည်။

အဆိုပါ ဗီဒီယိုများကို အကျဉ်းထောင်အတွင်း၌သာ ရိုက်ကူးခဲ့ပြီးနောက် လူမှုကွန်ရက် မက်ဆေ့ဂျ် အက်ပ်များမှတစ်ဆင့် ဝေမျှခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများက လက်ခံထားသည်။

သို့သော် မူရင်းရိုက်ကူးခဲ့သည့် ဖုန်းကိုမူ ရှာမတွေ့ခဲ့သလို၊ ပင်ကတ်ဘက်ကလည်း ထိုဗီဒီယိုများ ရရှိခဲ့ကြောင်း အစီရင်ခံ တင်ပြခဲ့ခြင်း မရှိခဲ့ပေ။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် အကျဉ်းသားများနှင့် ရင်းနှီးလွန်းနေသဖြင့် အကျဉ်းထောင်တာဝန်ရှိသူများက သူမကို သတိပေးခဲ့ဖူးသော်လည်း ယခုကဲ့သို့ အပြုအမူများ ဆက်ဆံရေးမှာ ဆက်လက် လုပ်ဆောင်နေခဲ့ သည်။

ယခုဖြစ်စဉ်တွင် ပါဝင်သည့် အကျဉ်းသား နက်ဒီသည်လည်း အကျဉ်းထောင်အတွင်း တရားမဝင် လက်ကိုင်ဖုန်း ကိုင်ဆောင်မှုဖြင့် ပြစ်မှုထင်ရှားခဲ့သည်။

၎င်းကို လက်ရှိကျခံနေရသော ပြစ်ဒဏ်သက်တမ်းကုန်ဆုံးပြီးနောက် ထပ်တိုး ထောင်ဒဏ် ၁၀ လ ကျခံရန် အမိန့်ချမှတ်ခဲ့ သည်။ နက်ဒီ၏ ရှေ့နေများကမူ အဆိုပါဖုန်းမှာ အများသုံးဖုန်းဖြစ်ပြီး ပင်ကတ်နှင့် ဆက်ဆံရေးမှာ အတင်းအကျပ် ခိုင်းစေခြင်းမျိုး မဟုတ်ဘဲ စိတ်ခံစားချက်အရ ဆက်နွှဲခဲ့ခြင်းသာဖြစ်ကြောင်း လျှောက်လဲခဲ့ကြသည်။

ပင်ကတ်၏ ရှေ့နေကမူ သူမသည် ၁၉ နှစ်ကြာ လက်တွဲခဲ့သော အိမ်ထောင်ရေး ပြတ်စဲသွားပြီးနောက် အထီးကျန်နေခဲ့ကြောင်း ကာကွယ်ပြောဆိုခဲ့ကာ ယခုဖြစ်စဉ်မှာ ရေရှည်ဖောက်ပြန်ခြင်းမျိုး မဟုတ်ဘဲ ဆုံးဖြတ်ချက်မှားယွင်းသွားသည့် ခဏတာဖြစ်စဉ်သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နက်ဒီထံ ကတ်ပေးပို့ခြင်းမှာလည်း နက်ဒီ၏ ကိုယ်ရေးကိုယ်တာ ပြဿနာများတွင် အားပေးကူညီရန်သာ ရည်ရွယ်ခြင်းဖြစ်ပြီး သူမ၏ ဖုန်းနံပါတ်ကိုလည်း ပေးခဲ့ခြင်းမရှိကြောင်း ရှေ့နေကပြောကြားသည်။

ထို့ပြင် သူမသည် အကျဉ်းသားများအား စိတ်ဓာတ်မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ကိတ်မုန့်နှင့် မုန့်ချိုများကို ဝေငှပေးခဲ့ဖူးကြောင်းလည်း သိရသည်။