တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့တွင် အလုပ်လုပ်နေသော စစ်တပ်ထောက်ခံသူ မြန်မာတစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း သိရသည်။
မြန်မာလုပ်သား ကိုသက်ထွေးဇော်(၃၂နှစ်)သည် တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့၊ နိုဝါန်ဂုရှိ ၎င်းအလုပ်လုပ်ကိုင်နေသော အထည်စက်ရုံ မြေအောက်ခန်းတွင် ဆွဲကြိုးချသေဆုံးနေကြောင်း ဇန်နဝါရီ၁၈ရက်၊ညနေ၄နာရီကျော်၌ တွေ့ရှိခဲ့သည်ဟု ကိုရီးယားရောက်မြန်မာအချို့ထံက သိရ သည်။
“သူက တော်လှန်ရေးအသိုင်းအဝိုင်းထဲကသူတွေကို အမြဲစော်ကား ဝေဖန်နေလို့ လူတွေအားလုံးကို သူ့ကို ရှောင်ဖယ်ပြီး ဝိုင်းကြဉ်ထားကြတာ”ဟု မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်း ချုပ် MFDMC အတွင်းရေးမှူးဦးကျော်ဆန်းက MPAသို့ပြောသည်။
၎င်း ဆွဲကြိုးချ သေဆုံးသည့်အချိန်နှင့်မည်သို့သောအကြောင်းကြောင့် ဆွဲကြိုးချသလဲဆိုသည်ကို မသိရသေးပေ။
ကိုသက်ထွေးဇော် အလုပ်မဆင်းသည်မှာ ၃ရက်ရှိပြီဖြစ်၍ အထည်စက်ရုံပိုင်ရှင်က ကိုသက်ထွေးဇော် ၏ သူငယ်ချင်းဖြစ်သူကို စုံစမ်းပေးရန် ဖုန်းဆက်ပြောလာကြောင်း ၎င်း၏ သူငယ်ချင်းက နိုဝါန်ရဲစခန်းသို့ တိုင်ကြားခဲ့သဖြင့် ရဲများက လိုက်ရှာရာမှ စက်ရုံမြေအောက်ခန်း၌ တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အထည်စက်ရုံရှိ အလုပ်ရှင်ရော အလုပ်သမားများပါ ယင်းမြေအောက်ခန်းသို့ ဆင်းလေ့မရှိကြ ကြောင်း သိရသည်။
ကိုသက်ထွေးဇော်သည် ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
