မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ မြို့ပေါ်ရပ်ကွက်များနှင့် မြောက်ဘက်ကန်ဘောင်ဝန်းကျင်တို့၌ နေ့ခင်းကြောင်တောင် လုယက်မှုများ ပိုမိုများပြားလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
မိတ္ထီလာမြို့သည် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲ (အပိုင်း ၁) တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က လွှတ်တော်နေရာသုံးခုလုံး အနိုင်ရရှိထားသည့် မြို့လည်း ဖြစ်သည်။
“မိတ္ထီလာမြောက်ဘက်ကန်ဘောင် တချို့နေရာတွေက လူပြတ်တော့ အတွဲတွေနဲ့ ကျောင်းသားတွေ သွားလေ့ရှိတယ်။ ဒီရက်ပိုင်းအတွင်းမှာတင် နေ့လယ်ခင်း လုယက်ခံရတာ ၃ ခုလောက်ရှိပြီ၊ ပစ္စည်းတွေလည်း ပါသွားတယ်။ ကျတော်တို့ဆို လမ်းလျှောက်ရင်တောင် အဖော်ပါမှ သွားရဲတော့တယ်။ မြို့ထဲက ကန်ဘောင်တွေနဲ့ ဘုရားတွေမှာတော့ လူစည်လို့ အလုခံရတာ မရှိဘူး” ဟု ဝန်ဇင်းရပ်ကွက်မှ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ ခိုးယူလုယက်မှုများကို လူငယ် ၃ ဦးမှ ၅ ဦးခန့်အထိ ပါဝင်သည့် အဖွဲ့များက တုတ်၊ ဓားလက်နက်များကို အသုံးပြုကာ ကျူးလွန်နေကြခြင်း ဖြစ်သော်လည်း စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က တစ်ဦးတစ်ယောက်မှ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
လက်ရှိတွင် မိတ္ထီလာမြို့၌ စစ်ကောင်စီ၏ လေတပ်ဌာနချုပ်များ၊ ခြေမြန်တပ်ရင်းများနှင့် ပျူစောထီးအဖွဲ့များ အင်အားအလုံးအရင်းဖြင့် ရှိနေသော်လည်း ခိုးဆိုးလုယက်မှုများမှာ လျော့ကျသွားခြင်း မရှိပေ။
“မြို့ထဲမှာတော့ မော်တော်ပီကယ်တွေ၊ စစ်တပ်တွေနဲ့ ပြည်သူ့စစ်တွေက ရှုပ်ယှက်ခက်နေတာပဲ။ ဒါပေမဲ့ မြို့စွန်ရပ်ကွက်တွေမှာ ဆိုင်ကယ်အခိုးခံရတာတွေကတော့ အများကြီးပဲ။ တစ်ခုမှလည်း ဖမ်းမိတယ်လို့ မကြားရဘူး။ ရဲတွေအနေနဲ့ ကင်းလှည့်တာမျိုး လုပ်သင့်သလို ကန်ပတ်လမ်းမှာလည်း မီးတိုင်တွေ ထားပေးသင့်တယ်” ဟု မိတ္တဗလရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။
ယခုအခါ လုယက်သူများ၏ အန္တရာယ်ကြောင့် ဒေသခံများသည် နေအိမ်များ၌ပင် သတိထား နေထိုင်နေကြရသည်။
ရတနာမာန်အောင်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက “ကျမတို့ဆို နေ့လယ်ခင်းတောင် ခြံဝင်းတံခါး အမြဲပိတ်ထားရတယ်။ စစ်တပ်တွေ ဘယ်လောက်ရှိရှိ ဥပဒေက မရှိသလို ဖြစ်နေတော့ ကိုယ့်လုံခြုံရေးကိုယ်ပဲ ဂရုစိုက်နေရတယ်။ ဝန်ဇင်း၊ ရတနာမာန်အောင်နဲ့ ပြည်သာယာဘက်တွေမှာ သူခိုးတွေ၊ လူလိမ်တွေ အရမ်းသောင်းကျန်းနေတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း မိတ္ထီလာမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် သက်ကြီးရွယ်အိုများသာရှိသည့် နေအိမ်များကို ပစ်မှတ်ထားကာ အိမ်ထဲအထိ ဝင်ရောက်လိမ်လည်မှုများ ဖြစ်ပွားခဲ့သေးသည်။
မိတ္ထီလာမြို့သည် စစ်ကောင်စီ၏ တပ်မ ၉၉၊ ရှမ်းတဲလေတပ်ဌာနချုပ်၊ အမြောက်တပ်ရင်းများ၊ သံချပ်ကာတပ်ရင်းများနှင့် ရဲသင်တန်းကျောင်းများ တည်ရှိရာ စစ်ကောင်စီတပ် အားကောင်းသည့် ခရိုင်မြို့ကြီးတစ်မြို့ ဖြစ်သော်လည်း မြို့ပြလုံခြုံရေးမှာမူ အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်။
