အကြမ်းဖက်မှုများ ပိုဆိုးလာသည့် မြန်မာပြဿနာ ICC သို့ လွှဲအပ်ရန် လုံခြုံရေးကောင်စီကို လူ့အခွင့်အရေးမဟာမင်းကြီး တိုက်တွန်း

ဓာတ်ပုံ- Nay P Latt
ပုံစာ- ဩဂုတ်၉ရက်၊မိုးကုတ်မြို့နယ်၊ကျောက်နဂါးရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးမှုနှင့် ထိခိုက်မှုမြင်ကွင်း။

မြန်မာနိုင်ငံတွင် အချိန်ကြာလာသည်နှင့်အမျှ အကြမ်းဖက်မှုများ ပိုဆိုးလာကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောသည်။

စက်တင်ဘာ၈ရက်၊ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့တွင် ကျင်းပသည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေး၌ ကုလလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Volker Turk က အထက်ပါအတိုင်း ပြော ကြားခဲ့သလို မြန်မာနိုင်ငံအတွင်းရှိ ပြဿနာအရပ်ရပ်ကို ICCတရားရုံး(အပြည်ပြည်ဆိုင်ရာရာဇဝတ် တရားရုံး)သို့ လွှဲအပ်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့လည်း တိုက်တွန်းလိုက်သည်။

“မင်းအောင်လှိုင်ရဲ့ တရားမဝင်ရွေးကောက်ပွဲကို တရုတ်နဲ့အိန္ဒိယတို့က အားပေးအားမြှောက်လုပ်နေ တဲ့အခုလိုအချိန်မျိုးမှာ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ဝုန်းဒိုင်းကြဲဖော်ထုတ်နေတာ ကောင်းပါတယ်။ဒါပေမဲ့၊လုံခြုံရေးကောင်စီက စက္ကူကျားအဆင့်ပဲ ရှိတယ်။ ICC လွှဲ ဖို့ကတော့ စိတ်ကူးယဉ်ကြည့်လို့တောင် မရနိုင်ဘူး”ဟု မုံရွာအခြေစိုက် တက် ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ ပြောသည်။

စစ်တပ်က စစ်ကြောင်းပြန်ထိုးနေပြီး ရွာများကို မီးရှို့ခြင်း၊အဓမ္မခေါ်ဆောင်ခြင်းနှင့် စစ်သားစုဆောင်း ခြင်းတို့ လုပ်ဆောင်လျက်ရှိရာ ဩဂုတ်လအတွင်း အရပ်သား ၂၇၇ဦး သေဆုံးခဲ့ကြောင်း လူ့အခွင့်အ ရေးမဟာမင်းကြီးက ပြောသည်။

စစ်အုပ်စု၏ ၅ယောက်နှင့်အထက် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်မှာ ဩဂုတ်လအတွင်း ၂၂ခုရှိပြီး ပြည်သူ၂၂၅ဦး သေဆုံးခဲ့ကြောင်း၂၀၂၅ ခုနှစ်အတွင်း လစဉ် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်အရေအတွက်နှင့် လူသေဆုံးမှုအရေအတွက်သည် ဩဂုတ်လ၌ အများဆုံးဖြစ်ကြောင်း NUGအစိုးရ၊ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောသည်။

“အကြမ်းဖက်စစ်အုပ်စုဟာ တရားမဝင် အတုအယောင်ရွေးကောက်ပွဲတခုကို ဇွတ်အတင်းပြုလုပ်နိုင်ဖို့အတွက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှာ ဖွဲ့စည်းပုံအချို့ကိုပြောင်းလဲပြီး စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆတိုးကျူးလွန်လာနေပါတယ်”ဟု ၎င်းက ပြောသည်။
NUG၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ အချက်အလက်များအရ စစ်တပ်သည် ဩဂုတ်လ အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်ပေါင်း ၆၅၆ ခုအထိ ကျူးလွန်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ မယ်ဇလီချောင်းရွာနေ အသက် ၃၀အရွယ် ကိုဇော်ဇော်မျိုးကို စစ်ကြောင်းထိုးလာသည့် တပ်မ ၃၃ က အရှင်လတ်လတ် ဓားနှင့်ထိုး၊ ခြေကျင်းဝတ်များခုတ်ဖြတ်၊ ဗိုက်ခွဲ၊ ခေါင်းဖြတ်ပြီး ဧရာဝတီမြစ်ထဲသို့ ပစ်ချခဲ့သည့် ဗွီဒီယိုသက်သေနှင့် လူသက်သေများ ရရှိထားပြီးဖြစ်ကြောင်းလည်း ဆိုသည်။

ဩဂုတ်လအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၄၉၃ကြိမ်ရှိခဲ့ပြီး ၂၇၈ဦး သေဆုံးခဲ့ကာ သေဆုံးသူများထဲတွင် အသက်၁၈နှစ်အောက် ကလေးငယ် ၄၄ဦးပါဝင်ကြောင်း သိရသည်။

ထို့အပြင် ဩဂုတ်လအတွင်း စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း၁၅ကျောင်း၊ ဆေးရုံ၊ဆေးခန်း ၆ခုနှင့် ဘာသာရေးအဆောက်အအုံ ၃၆လုံး ပျက်စီးခဲ့ကြောင်းလည်း သိရသည်။