မကွေးတိုင်း ၊ ထီးလင်းမြို့အနီးတွင် စစ်ကြောင်းထိုးလာသည့်တပ်ကို PDF တို့က အနီးကပ် ပစ်ခတ်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၈ ရက်၊ နံနက် ၇ နာရီခန့်တွင် ထီးလင်းမြို့မှ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော တပ်ကို ထန်းပင်ကုန်းရွာအနီး၌ PDF တို့က တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ယောကာကွယ်ရေးတပ် စစ်ဒေသရုံး ဦးဆောင်ကော်မတီ – YDF က သတင်းထုတ်ပြန်သည်။
“၃ဦး သေဆုံးတာက ကျနော်တို့စစ်ကြောင်းရဲ့ ရှေ့ပွိုင့်နဲ့တွေ့ပြီး အနီးကပ် ပစ်ခတ်မှုကြောင့် သိရတာပါဗျ။ထိတွေ့မှုဖြစ်နေတော့ နယ်မြေရှင်းလင်းမလုပ်ခင် သူတို့က အတင်းထိုးဖောက်လာပြီး အလောင်းကို သယ်ပြီး ချက်ချင်း ပြန်ဆုတ်တာဗျ”ဟု YDF သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုနေက MPA သို့ပြောသည်။
ထီးလင်းမြို့သို့ ပြန်လည်ဆုတ်ခွာသွားသည့် ယင်းစစ်ကြောင်းသည် ယနေ့(စက်တင်ဘာ ၉ ရက်) နေ့ခင်းအထိ လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိသေးဘဲ ငြိမ်နေကြောင်း သိရသည်။
“ဖြစ်နိုင်ခြေက ထီးလင်းမြို့ အနီးတဝိုက်က ရွာတွေကို ဖျက်ဆီးပြီး ရိက္ခာလာရှာတာလည်း ဖြစ်နိုင်တယ်ဗျ။ကျနော်တို့ စစ်ကြောင်း မြို့နားကို ရောက်တာသိလို့ အခြေအနေ လာစုံစမ်းတာလည်း ဖြစ်နိုင်တယ်ဗျ။ကျနော်တို့ စစ်ကြောင်းတွေကတော့ အမြဲတမ်းလှုပ်ရှားနေတော့ ဒီအခြေအနေတွေထက် နီးတဲ့အခါတွေလည်း ရှိပါတယ်ဗျ”ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုစစ်ကြောင်းကြောင့် ထန်းပင်ကုန်းရွာမှ ပြည်သူအချို့ ခေတ္တ စစ်ရှောင်ခဲ့ရပြီး ယနေ့(စက်တင်ဘာ ၉ ရက်)တွင် ရွာထဲသို့ ပြန်ရောက်နေပြီ ဖြစ်ကြောင်း သိရသည်။
ထန်းပင်ကုန်းရွာသည် ထီးလင်းမြို့နှင့် ၃ မိုင်ခန့်သာ ဝေးပြီး ယခင်က လူဦးရေ ၁၀၀၀ ကျော်နေထိုင်ခဲ့သော်လည်း ယခုအခါ မြို့နှင့်နီးကာ စစ်တပ်ရန်ကြောက်ရသောကြောင့် ရွာအတွင်း နေထိုင်သူ အနည်းငယ်သာ ရှိတော့ကြောင်း သိရသည်။
စစ်သားများ၏ သေဆုံးမှုကို MPA အနေဖြင့် သီးခြား အတည်မပြုနိုင်ပေ။
