စစ်ကိုင်းတိုင်းအတွင်းရှိ အဓိကကျသည့် လမ်းမကြီးများကို စစ်ကော်မရှင်တပ်က အလွယ်တကူသိမ်းပိုက်နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ သြဂုတ်လမှစ၍ စစ်ကော်မရှင်တပ်က လက်လွှတ်ခဲ့ရသည့် ဂန့်ဂေါ – ပုလဲ – မုံရွာ၊ မုံရွာ – ကလေးဝ၊ ဘုတလင် – မုံရွာ၊ မုံရွာ – အရာတော်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မုံရွာ – ရွှေဘို – ဒီပဲယင်း – ရေဦး – ခင်ဦး – ကန့်ဘလူလမ်းပိုင်းတို့ကို စစ်ကြောင်းထိုးဝင်ရောက်၍ နယ်မြေများကို ပြန်လည်ရယူရန် ကြိုးပမ်းလျက်ရှိနေသည်။
၂၀၂၅ ခုနှစ်၊ ဇွန် ၁၉ ရက်တွင် လက်လွှတ်ခဲ့ရသည့် ဂန့်ဂေါ – ပုလဲ – မုံရွာ လမ်းမကြီးပေါ်ရှိ ကန့်ဒေါင့်စခန်းကို ပြန်လည်ရယူနိုင်ရန်အတွက် စစ်ကော်မရှင်တပ်က မြေပြင်စစ်ကြောင်း၊ လေကြောင်းတို့ကို အသုံးပြုကာ ထိုးစစ်ဆင်လျက်ရှိနေသည်။
စစ်ကော်မရှင်တပ်က ကန့်ဒေါင့်စခန်းအနီးရှိ ကျေးရွာများဖြစ်သည့် မဲဇရပ်၊ သာစည်၊ မင်းတိုင်ပင်၊ လက်ပုကန်၊ ကုက္ကိုကုန်းကျေးရွာနှင့် ပုလဲမြို့နယ်တို့တွင် ဘန်ကာများ တည်ဆောက်ကာ အခိုင်အမာတပ်စွဲလျက်ရှိကြောင်း သိရသည်။
“ပုလဲမြို့ကနေအနောက်ဘက်ကိုစထွက်ရင် မြကုန်း၊ ကုက္ကိုကုန်း၊ လက်ပုကန်၊ နှောကန်၊ မင်းတိုင်ပင်၊ သပြေကုန်း၊ ဦးနှောက်၊ မဲဇရပ်၊ ကန်ဒေါင့် ဆိုတာက ပုလဲ – ဂန့်ဂေါ မိန်းလမ်းဘေးက ရွာတွေ။ အဲ့ဒီလို သူတို့နေရာယူထားလို့ မိန်းလမ်းကို ဟိုဘက် ဒီဘက်တောင် ဖြတ်မရဘူး။ မဲဆွယ်ရအောင်လည်း အကုန်လုံးက ရှောင်နေကြတော့ မဲကိစ္စနဲ့ ပက်သက်ပြီး အသံမကြားရဘူး” ဟု အသက် ၂၅ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက MPA သို့ ပြောသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပုလဲမြို့နယ်၊ သာစည်ကျေးရွာအနီး၌ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကော်မရှင်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ ကန့်ဒေါင့်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃ ရက်၌ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူစောထီးကျေးရွာမှ ထွက်လာသည့် အင်အား ၅၀၀ ဝန်းကျင်ပါရှိသော စစ်ကော်မရှင်စစ်ကြောင်းက ကနီမြို့နယ်၊ မုံရွာ – ကလေးဝလမ်းပိုင်းပေါ်ရှိ တရော်ကျင်း၊ လည်ရှည်၊ ကံစု၊ ချင်းတောင်၊ ညောင်ငုတ်တို၊ ချောင်းမနှင့် သမင်ခြံကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားအချို့ကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။
“စစ်ကြောင်းက ချောင်းမရွာမှာ ဘန်ကာအခိုင်အမာဆောက်ပြီး ထိုင်ဖို့ ကြိုးစားနေတယ်လို့ သိရတယ်။ နေ့တိုင်းနီးပါး စက်တပ်လေထီး(Paramotor) လာပြီး ဗုံးကြဲချတာမျိုးတွေရှိတယ်။ အင်တာနက်လည်းမရ၊ စစ်ကြောင်းလည်းဝင်နေတော့ အခြေအနေတွေကို မသိရဘူး။ ထိတွေ့တိုက်ပွဲတွေ ရှိတယ်။ ခရီးသွားကားတွေကတော့ ကွင်းလမ်းရှိပေမယ့် လမ်းအရမ်းဆိုးတယ်” ဟု ကနီမြို့နယ်အတွင်းနေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
မုံရွာ – ဘုတလင် – ရေဦးလမ်းပိုင်းတွင်လည်း စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံပြည်သူများကို ဖမ်းဆီးပစ်ခတ်သတ်ဖြတ်မှုများရှိနေပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးလျက်ရှိသည်။
“မုံရွာ – ဘုတလင်လမ်းကလည်း မပွင့်သေးပါဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း သွားလာခွင့်မပေးသေးပါဘူး။ ဒါပေမယ့် စားဖို့သောက်ဖို့အတွက်ဆိုတော့လည်း အရဲစွန့်ပြီး သွားနေကြရတယ်။ ပြည်သူတွေကို ဖမ်းပြီး လွှတ်ပေးတာမျိုးလည်း ရှိသလို၊ ဆက်ဖမ်းထားတာမျိုးလည်း ရှိတယ်။ မုံရွာမြို့ပေါ်မှာလည်း ပေါ်တာဆွဲတာကတစ်မျိုး၊ အိမ်ထဲထိ ဝင်ခိုးတဲ့သူခိုးတွေကလည်း ပေါနေတယ်” ဟု ဘုတလင်မြို့နယ်အတွင်း နေထိုင်သည့် ကားဆရာတစ်ဦးက ဆိုသည်။
၂၀၂၅ ခုနှစ်၊ သြဂုတ်လလယ်မှစ၍ ပြည်ထောင်စုလမ်းမကြီးတည်ရှိရာ ကန့်ဘလူမြို့နယ်တောင်ခြမ်း၊ ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းရှိ ရေကြည်ဦး၊ ကျီကျင်း၊ ဘူးကုန်းကျေးရွာများကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးကာ အထိုင်ကျတပ်စွဲလျက်ရှိနေပြီး ဗျူဟာလမ်းမကြီးကို ထိန်းချုပ်နိုင်ရန် ကြိုးစားလျက်ရှိနေသည်။
“ကားတွေကတော့ သိရသလောက် သွားလာနေကြတာပါပဲဗျ၊ လမ်းကတော့ ပိတ်လိုက်ဖွင့်လိုက်ပေါ့။ ဒီကြားထဲ စစ်ကော်မရှင် ဘက်က ဖမ်းထားတဲ့ကားတွေလည်း ရှိပါတယ်။ တိုက်ပွဲကတော့ ကြီးကြီးမားမားဖြစ်တာတော့ မရှိသေးပါဘူးဗျ။ အခုလောလောဆယ် ဗျူဟာလမ်းပေါ်မှာ ရေကြည်ဦး၊ ကျီကျင်း၊ ယမနေလမ်းဆုံ သုံးနေရာ ထပ်တိုးထိုင်တာပါ” ဟု ဒေသတွင်းသတင်းများ တင်ဆက်နေသည့် Infinity Group မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
စစ်ကော်မရှင်တပ်က ဗျူဟာလမ်းမကြီးပေါ်ရှိ ဇင်း၊ စံပ်ပါယျနံ့သာ၊ ပေကြီး၊ ငှက်ပျောတိုင်း၊ ကွင်းကိုးနှင့် ယမနေကျေးရွာတို့အပြင် ရေကြည်ဦး၊ ကျီကျင်းနှင့် ဘူးကုန်းကျေးရွာများကို ထိပ်တိုးသိမ်းပိုက်ခဲ့၍ ကန့်ဘလူမြို့နယ်အပိုင်အတွင်း၌ ရှိနေသည့် ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။
ထို့ပြင် မုံရွာ – အရာတော်၊ မုံရွာ – စစ်ကိုင်း – မန္တလေးတို့ကိုလည်း စစ်ကော်မရှင်တပ်က ထိန်းချုပ်ထားပြီး ခရီးသွားလာပြည်သူများကို ပေါ်တာဆွဲဖမ်းဆီးကာ ငွေညှစ်မှုများ လုပ်ဆောင်လျက်ရှိသည်။
ထိုကဲ့သို့ အဓိကကျသည့် လမ်းပိုင်းများကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုး၍ သိမ်းပိုက်နေခြင်းမှာ လာမည့်ရွေးကောက်ပွဲအတွက် နယ်မြေစိုးမိုးမှုများရရှိရန်အပြင် တော်လှန်ရေးတပ်ဖွဲ့များ၏ ရိက္ခာ၊ ဆေးဝါးနှင့် အခွန်လမ်းကြောင်းများကို ဖြတ်တောက်နိုင်ရန်လည်း ဖြစ်နိုင်သည်ဟု ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက မှတ်ချက်ပြုသည်။
စစ်ကော်မရှင်တပ်က ပြည်ထောင်စုလမ်းမကြီးဖြစ်သည့် မန္တလေး – မြစ်ကြီးနားလမ်းပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်ရန် ကြိုးစားလျက်ရှိပြီး လမ်းမကြီးတလျှောက်ရှိ မြို့နယ်များနှင့် ကျေးရွာများကို စစ်ကြောင်းထိုးလှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိနေသည်။
