ချောက်တွင် စစ်ကားထဲသို့ PDF ဗုံးပစ်သွင်းပြီး တိုက်ခိုက်၊ ဗိုလ်တစ်ဦးအပါ ၁၀ ဦးသေဆုံးဟုဆို

ဓာတ်ပုံ- မကွေးခရိုင် အမှတ် ၃ တပ်ရင်း
ပုံစာ- တိုက်ပွဲဝင် PDFရဲဘော်များ

မကွေးတိုင်း၊ ချောက်မြို့နယ်တွင် စစ်ကားတစ်စီးထဲသို့ PDF တို့ ဗုံးပစ်သွင်းပြီး တိုက်ခိုက်ခဲ့ရာ ဗိုလ်တစ်ဦးအပါအဝင် ၁၀ဦးသေဆုံးကြောင်းသိရသည်။

ဇန်နဝါရီ ၁၈ရက်၊ နေ့ခင်း ၁၁နာရီ မိနစ်၄၀ခန့်တွင် ချောက်မြို့မှ ထွက်လာသည့် အင်အား ၂၀ ဝန်းကျင်ပါ စစ်ကားတစ်စီးကို ကျောက်ပန်းတောင်-ချောက် အမှတ် ၂ပြည်ထောင်စုလမ်းပိုင်း တစ်နေရာ၌ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း မကွေးခရိုင်အမှတ် ၃တပ်ရင်းက သတင်း ထုတ်ပြန်သည်။

” ချောက်ကနေ ဒန်းလမ်းခွဲကိုသေနတ်ဖောက်ပြီး ချောက်ဘက်ပြန်အလာကို လမ်းမှာ ဖြတ်တိုက်တာပါ။ ဒီကောင်တွေက ခဏခဏ အဲလိုလာဖောက်တယ်။ လမ်းဘေးကနေကြို စောင့်ပြီးတော့ ဝိုင်းပစ်တာပါ။ ကားအတွင်းထဲကို လက်ပစ်ဗုံးတွေ ပစ်ထည့်နိုင်ခဲ့တာပါ” ဟု မကွေးခရိုင်တပ်ရင်း ၃မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ယင်းသို့တိုက်ခိုက်နေစဉ် ကျောက်ပန်းတောင်းနှင့် ချောက်ဘက်မှ စစ်ကူများထွက်လာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

” ကျောက်ပန်းတောင်းဘက်က ၄စီး။ သံချပ်ကာကားတွေနဲ့ပါ တက်လာတာ ချောက်ဘက်က” ဟု ၎င်းက ဆက်လက်ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာသည် ချောက်မြို့နှင့် ၇မိုင်နှင့် ကျောက်ပန်းတောင်မြို့နှင့် ၁၀မိုင်ကျော် ဝေးကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှုကို မကွေးခရိုင်အမှတ်၃တပ်ရင်း (CRA) ၊ မကွေးခရိုင်အမှတ်၁တပ်ရင်းနှင့် SR-7 မကွေးတိုင်းအထူးလှုပ်ရှားတပ်ရင်းတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စစ်သားများ သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။