တမူးမြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ပြီး NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များမှ တပ်သားစုဆောင်းရေး ပေါ်တာဆွဲနေ

ဓာတ်ပုံ-လူမှုကွန်ရက်

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များမှ တပ်သားသစ်စုဆောင်းရေး ပေါ်တာဆွဲလျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

ဒေသလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ဟုဆိုကာ ည(၁၀)နာရီမှ နံနက်(၄)နာအရီအထိ ညမထွက်ရအမိန့်ကို NUG လက်အောက်ရှိ တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး ဗဟိုအဖွဲ့မှ ဒီဇင်ဘာ၂၃ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် တမူးမြို့နယ်အတွင်း ကျေးရွာများမှ သက်လတ်ပိုင်းနှင့်လူငယ်များကို တပ်သားသစ်စုဆောင်းရေး ပေါ်တာဆွဲသည့်စနစ်ကို NUGလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များက ပေါ်ပေါ်ထင်ထင် အသုံးပြုလာကြောင်း သိရသည်။

” အခြေအနေကတော့ မကောင်းဘူး။ ရွာတွေကနေလူတွေဆွဲနေတယ်။ ညမထွက်ရအမိန့် လွန်တာမလွန်တာ မကြည့်ဘူး။ ဆွဲချင်တဲ့အချိန်ဆွဲတာပဲ ” ဟု တမူးမြောက်ပိုင်းဒေသခံအမျိုးသားတစ်ဦးက MPAသို့ပြောသည်။

ညမထွက်ရအမိန့် မထုတ်ပြန်မီက တမူးမြို့နယ်အတွင်း NUGလက်အောက်ခံတပ်ရင်းတပ်ဖွဲ့များက ပေါ်တာဆွဲမှုများရှိခဲ့သော်လည်း Social Mediaတွင် ပျံ့နှံ့သွားပြီး ဝေဖန်မှုများမြင့်တက်ခဲ့ခြင်းကြောင့် ပြန်လည်လွှတ်ပေးခဲ့ကြသည်။

ထိုသို့ Social Mediaတွင် ပျံ့နှံ့သွားခြင်းသည်ပင် တမူးမြို့နယ်သည် ချင်း၊ဗမာ၊ ရှမ်းနီနှင့် ဂေါ်ရခါးစသည့် လူမျိုးများ ရောနှောနေထိုင်သည့် မြို့နယ်ဖြစ်သည့်အလျောက် ပေါ်တာဆွဲခံရသူများတွင် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွှယ်နေသူများ ဝါဝင်နေခြင်းကြောင့်ဖြစ်သည်ဟု ကနန်ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

” အခုဆွဲတာတွေက အဖွဲ့အစည်းတွေနဲ့ မပတ်သက်လောက်တဲ့ ဗမာရွာကလူငယ်တွေရွေးဆွဲတော့ လိုင်းပေါ်လည်းသိပ်မရောက်ဘူး။ တခြားအဖွဲ့အစည်းတွေကလည်း ကိုယ့်အဖွဲ့ကိုယ့်လူမျိုးနဲ့ ပတ်သက်တဲ့သူတွေမဟုတ်တော့ ကြားဝင်မပါဘူး။ အရင်ကပွဲဆူတာက အဖွဲ့အစည်းပေါင်းစုံနဲ့ ဆိုင်တဲ့သူတွေပါလို့ “ဟု ၎င်းက MPAသို့ပြောသည်။

ထိုသို့ပေါ်တာဆွဲနေမှုများကြောင့် တမူးမြို့နယ်အတွင်းရှိ လူငယ်များအနေဖြင့် နိုင်ငံရပ်ခြား၊ ပေါ်တာကင်းလွတ်သည့် အခြားဒေသများနှင့် စစ်ကော်မရှင်ထိန်းချုပ်ထားသည့် ကလေးမြို့ပေါ်နှင့် တမူးမြို့ပေါ်များသို့ပင် ထွက်ခွာရှောင်တိမ်းနေကြရကြောင်း မင်းသမီးကျေးရွာနေ အမျိုးသားတစ်ဦးက ဆိုသည်။

” စကမဝင်ရင် မီးရှို့ခံရမယ့်ဒဏ်၊ လေယာဥ်နဲ့လာလာဗုံးကြဲတဲ့ဒဏ်တွေရှိတာတောင် မပြောင်းမရွှေ့ဘဲ၊ ဒီဘက်နယ်တွေမှာ ပေကပ်နေကြတဲ့ပြည်သူတွေက အခုလို ညမထွက်ရအမိန့်ထုတ်တာ၊ ပေါ်တာကိုထင်သလိုဆွဲတာတွေဖြစ်လာတော့ ပြောင်းရွှေ့ဖို့ထိစဥ်းစားလာကြတယ်။ စိတ်မကောင်းစရာပါပဲဗျာ”ဟု ၎င်းကMPAသို့ပြောသည်။

တော်လှန်ရေးကာလကြာမြင့်လာသည်နှင့်အမျှ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် တပ်သားဆုံးရှုံးမှုနှင့် တပ်သားသစ်ရှားပါးလာမှုများကို ဒိဌကြုံတွေ့လာရမည်ဖြစ်ပြီး တပ်သားသစ်စုဆောင်းရေးနှင့်ပတ်သက်၍မူ နည်းမှန်လမ်းမှန်ဖြင့် မူဝါဒကို အခိုင်အမာချမှတ်ထားသင့်ကြောင်း ကလေးဒေသ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။

” အခုတပ်သားသစ်လိုမှ ခုပေါ်တာထဆွဲတာ၊ ရွာတွေကနေ လူတောင်းတာက နည်းမှန်လမ်းမှန်မဟုတ်ဘူး။ ကြာရှည်လည်း မလွယ်ကူဘူး။ ခုဆို ရဲဘော်တွေတပ်ကထွက်ပြေးတာတွေ နယ်မြေအလိုက် မကြာခဏကြားသိနေရတာပဲ။ တော်လှန်ရေးအသိမရှိဘဲ မထည့်ပေးဘဲ ရဲဘော်တွေကို ဒီအတိုင်းစစ်မြေပြင်ပို့လိုက်ရင် ခုလိုပဲထွက်ပြေးတဲ့သတင်းတွေက ကြားနေရဦးမှာပဲ။ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တွေအနေနဲ့ ခုကတည်းက လူငယ်တွေကို တော်လှန်ရေးနဲ့ပတ်သက်ပြီး ဘယ်လိုစည်းရုံးမလဲ။ ဘယ်လိုလုပ်ငန်းလမ်းညွှန်တွေနဲ့ တော်လှန်ရေးထဲပါဝင်လာအောင် လုပ်ဆောင်မလဲဆိုတာ စဥ်းစားကြရတော့မယ်ဗျ”ဟု ၎င်းက MPAသို့ပြောသည်။

ယခုကဲ့သို့ တမူးမြို့နယ်အတွင်း ပေါ်တာဆွဲနေမှုများနှင့်ပတ်သက်၍ တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေး(ဗဟိုအဖွဲ့)ထံ MPAက အွန်လိုင်းမှတဆင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။