စစ်ကိုင်းတိုင်း ဝက်လက်မြို့ရှိ ပြည်သူနေထိုင်ရာ နေရာပေါ်သို့ စစ်တပ်ဗုံးကြဲခဲ့ပြီး အကြမ်းဖက် အားပေးသူ များကို ရှင်းလင်းဟူ၍ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ဖြန့်ဝေလျက်ရှိသည်။
“နေပြည်တော်” တယ်လီဂရမ်ချန်နယ်က ဇန်နဝါရီ ၁၈ ရက် နံနက် ၁၀ နာရီ ၃ မိနစ်တွင် စစ်တပ် ဗုံးကြဲခဲ့ သည့် ဝက်လက်အရှေ့ဘက်ခြမ်းရှိ နေရာသည် စစ်ရှောင်များနေထိုင်သည့်နေရာ မဟုတ်ကြောင်း၊ သပိတ် ကျင်း၊ စဉ့်ကူး၊ နှင့် မတ္တရာရှိ PDF များကို အမာခံထောက်ခံအားပေးသူများ နေထိုင်ရာနေရာ ဖြစ်ကြောင်း၊ အကြမ်းဖက်အားပေးများသာ ဖြစ်ကြောင်း ရုပ်သံဖိုင်နှင့်တကွ ဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို “Truth Media, D.I Thameedaw” အပါအဝင် အခြား စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများနေသည်။
မူရင်းသတင်းအမှား – https://archive.ph/cmk9Q
Truth Media – https://archive.ph/uojpZ
D.I Thameedaw – https://archive.ph/LnCFr
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
သတင်းစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ရုပ်သံဖိုင်ကို စစ်ဆေးကြည့်ရာ “Mandalay Free Press” သတင်းမီဒီယာ က ဖော်ပြထားသော ရုပ်သံဖိုင်နှင့် ထပ်တူညီနေသည်။
MFP တွင် ဇန်နဝါရီ ၁၆ ရက်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ညောင်ကန်ရွာ စာသင် ကျောင်းကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့ကြောင်း၊ ပေါင် ၂၀၀ ခန့် ဗုံး ရှစ်လုံး ကြဲချခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါကျောင်းသည် စစ်ရှောင်ပြည်သူများ ခိုလှုံနေသည့် နေရာဖြစ်ကြောင်း၊ ဗုံးဒဏ်ကြောင့် စစ်ရှောင် အမျိုးသမီးတစ်ဦး သေဆုံးပြီး ငါးဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရေးသားထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/ilu8
အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “ဝက်လက် လေကြောင်းဗုံးကြဲ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “မြေလတ်အသံ၊ မောင်း၊ Mizzima” အပါအဝင် အခြား မီဒီယာများက သတင်းရေးထား သည်။
သတင်းမီဒီယာများတွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ကန်ကျေးရွာရှိ စစ်ရှောင်များနေထိုင်နေ သည့် စာသင်ကျောင်းကို ဇန်နဝါရီ ၁၆ ရက် နံနက် ၁၁ နာရီလောက်တွင် စစ်တပ်က လေကြောင်းကနေ ဗုံး ကြဲခဲ့ကြောင်း၊ တံတားဦးလေတပ်ကနေ ထွက်ခွာလာသည့် ဂျက်ဖိုက်တာဖြင့် ပေါင် ၂၀၀ ဗုံးသီး လေးလုံး ကြဲချခဲ့ပြီး စက်သေနတ်များဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း၊ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး ၊ ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရေးသားထားသည်။
အပြည့်အစုံဖတ်ရန် >>>
မြေလတ်အသံ – https://bitly.cx/gSAXR
မောင်း – https://bitly.cx/1PJG
Mizzima – https://bitly.cx/QrFHL
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ဝက်လက်မြို့ အရှေ့ဘက်ခြမ်း၊ ညောင်ကန်ရွာရှိ စစ်ရှောင်များနေထိုင်ရာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ရာ စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရေးထားသည်။
ထို့ကြောင့် စစ်တပ်ထောက်ခံသောတယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ ဗုံးကြဲခံရသူများသည် စစ်ရှောင်ပြည်သူများမဟုတ်” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
