ရွှေတစ်ကျပ်သား ကျပ်သိန်း၁၀၀ကျော်သို့ ခုန်တက်သွားပြီဖြစ်သော်လည်း ရန်ကုန်ဈေးကွက်တွင် အရောင်းပိတ်ထားကြောင်း သိရသည်။
ယနေ့(ဇန်နဝါရီ၂၀ရက်)နံနက်ပိုင်းတွင် ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်သိန်း၁၀၀ ကျော် ဖြစ်ခဲ့ပြီး ညနေပိုင်း၌ ကျပ်သိန်း၁၀၀နှင့်၅သောင်းအထိ ဖြစ်ခဲ့သော်လည်း ရွှေဘုံသာ ဈေးကွက်အတွင်း အရောင်းပိတ်ထားကာ စစ်ကော်မရှင် ရန်ရှာနိုင်သည့်အခြေအနေကြောင့် တ ထိတ်ထိတ်ဖြစ်နေကြကြောင်း ရန်ကုန်မြို့တွင်း ရွှေလောကသားတစ်ဦးထံက သိရသည်။
“ရွှေဈေးက ၉၉သိန်းကျော်လာကတည်းက ထုံးစံအတိုင်း စစ်တပ်ကို ကြောက်နေရပြီ။ဒီနေ့က တော့ ဒီလောကထဲက လူတွေ အကုန်သိတယ်။ဈေးကွက်ထဲကို အရပ်ဝတ်နဲ့ လူစိမ်းတွေ ရောက်လာပြီး တောင်မေး မြောက်မေး မေးတယ်။စောင့်ကြည့်နေတယ်။ဆိုင်တွေလည်း အရောင်းပိတ်ထားတယ်”ဟု ၎င်းက MPAသို့ပြောသည်။
ရွှေရောင်းလိုသူသဖြင့် ရွှေဆိုင်များသို့ လူကိုယ်တိုင် လာရောက်မေးမြန်းသူ အလွန်နည်းသော်လည်း ဖုန်းဆက်မေးမြန်းမှုများကြောင်း သိရသည်။
“ရွှေရောင်းချင်တဲ့သူတွေကလည်း ဒီလိုအချိန် မမေးမမြန်းနဲ့ ရွှေဆိုင်ကို တိုက်ရိုက်လာရင် အဖမ်းခံရ ရုံတင်မကဘူး၊ကိုယ့်ရွှေကိုပါ အသိမ်းခံမယ်လို့ ယုံကြည်ကြတယ်။တိုက်ရိုက်မလာကြဘူး။စစ်တပ် ဘယ်လောက်ယုတ်သလဲဆိုတာ သိကြတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ရွှေဈေး ကျပ်၉၉သိန်းကျော်သွားသည့် ဇန်နဝါရီ၁၅ရက်ကတည်းကပင် စစ်ကော်မရှင်ရန်ရှာမည်စိုး သဖြင့် ရွှေလုပ်ငန်းရှင်အချို့ လူမြင်ကွင်းတွင် မနေရဲတော့ကြောင်း သိရသည်။
ပြင်ပရွှေဈေးက သိန်း၁၀၀ကျော်ပြီဖြစ်သော်လည်း စစ်ကော်မရှင်လက်အောက်ခံ ရန်ကုန်တိုင်းဒေသ ကြီးရွှေလုပ်ငန်းရှင်များအသင်း၏ ယနေ့ရည်ညွှန်းဈေးမှာ တစ်ကျပ်သားလျှင် ကျပ်သိန်း၆၀ ပင်ဖြစ် သည်။
