မဲဆောက်တွင် မြန်မာနိုင်ငံသားတစ်ဦး ထိုင်းရဲများကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဲကုကျေးရွာအုပ်စုအတွင်းရှိ တော့ပ်ဖောင် (Top Form) စက်ရုံအနီးတွင် ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့က မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးသည် ထိုင်းရဲတပ်ဖွဲ့ဝင်များကို သေနတ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေးလွတ်မြောက်သွားသည့်အတွက် ရဲတပ်ဖွဲ့က အရေးပေါ် ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။

မဲကုဒေသရှိ 7-Eleven ဆိုင်အနီးတွင် အဆိုပါ မြန်မာအမျိုးသားက ရဲတပ်ဖွဲ့ဝင်များကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ အနက်ရောင် ဟူဒီ (Hoodie) အနွေးထည်နှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ကာ အခင်းဖြစ်ပွားရာနေရာမှ ခြေကျင်ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် တရားခံသည် သေနတ်တစ်လက်ကို ဆောင်ထားဆဲဖြစ်သဖြင့် အလွန်အန္တရာယ်ရှိသည့် ပုဂ္ဂိုလ်အဖြစ် ထိုင်းရဲတပ်ဖွဲ့က သတ်မှတ်ထားသည်။

မဲဆောက်ရဲစခန်းနှင့် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တရားခံကို ဖမ်းဆီးရမိရေးအတွက် မဲကုဒေသတစ်ဝိုက်တွင် အင်အားအလုံးအရင်းဖြင့် ရှာဖွေမှုများ လုပ်ဆောင်နေသလို၊ ပြည်သူများအနေဖြင့်လည်း အဆိုပါပုံပန်းသဏ္ဌာန်ရှိသူကို တွေ့ရှိပါက အနားသို့မကပ်ဘဲ အရေးပေါ်ဖုန်း ၁၉၁ သို့ ချက်ချင်းအကြောင်းကြားရန် သတိပေးချက် ထုတ်ပြန်ထားသည်။

လက်ရှိအချိန်အထိ တရားခံမှာ လွတ်မြောက်နေဆဲဖြစ်ပြီး၊ ရဲကိုပစ်ခတ်သည့်အမှုဖြစ်သောကြောင့် ထိုင်းရဲတပ်ဖွဲ့က မြေပြင်စစ်ဆေးမှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကာ ဒေသခံမြန်မာလုပ်သားများနှင့် ထိုင်းပြည်သူများကိုလည်း အထူးသတိပြု သွားလာကြရန် နှိုးဆော်ထားကြောင်း သိရသည်။