စပိန်နိုင်ငံ ဘာစီလိုနာမြို့အနီးတွင် ဇန်နဝါရီလ ၂၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေထိန်းနံရံတစ်ခုမှာ ရထားသံလမ်းပေါ်သို့ ပြိုကျခဲ့ရာ ခရီးသည်တင်ရထားတစ်စင်း လမ်းချော်မှုဖြစ်ပွားခဲ့ရာ ရထားမောင်းသူ သေဆုံးခဲ့ပြီး ခရီးသည်လေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခုဖြစ်စဉ်သည် ပြီးခဲ့သည့် နှစ်ရက်က နိုင်ငံတောင်ပိုင်း ကော်ဒိုဘာပြည်နယ်၊ အာဒါမုဇ်မြို့အနီးတွင် လူပေါင်း ၄၂ ဦး သေဆုံးခဲ့သည့် အရှိန်ပြင်းရထားနှစ်စင်း တိုက်မိပြီး လမ်းချော်မှုဖြစ်ပွားခဲ့ပြီးနောက် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကက်တလိုးနီးယား ဒေသန္တရမီးသတ်ဌာနမှ စစ်ဆေးရေးမှူး မစ္စတာ ကလောဒီ ဂါးလ်လာဒိုက အခင်းဖြစ်ပွားရာနေရာမှ ရုပ်သံမှတ်ချက်ပေးရာတွင် လူပေါင်း ၃၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် လေးဦးမှာ စိုးရိမ်ရသည့်အခြေအနေရှိကြောင်းနှင့် ရထားမောင်းသူမှာ သေဆုံးသွားပြီဖြစ်ကြောင်း ပြောကြားသည်။
ယခုကဲ့သို့ မြို့ပတ်ရထားလမ်းချော်မှုဖြစ်ပွားသော ဒေသမှာ ရထားပို့ဆောင်ရေးကဏ္ဍတွင် ဘဏ္ဍာငွေရရှိမှု နည်းပါးခြင်းနှင့် မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိခြင်းတို့ကြောင့် ကာလရှည်ကြာ အခက်အခဲကြုံတွေ့နေရသော နေရာတစ်ခုဖြစ်သည်။
