အင်းစိန်ထောင်တွင် ၂ပွင့်ထောင်မှူးတစ်ဦး နိုင်ငံရေးအကျဉ်းသားများကို နှိပ်စက် လာဘ်စားနေကြောင်း သိရသည်။
အင်းစိန်ထောင် သပြေဆောင်၁နှင့် ၂ အဆောင်မှူး ၂ ပွင့်အရာရှိ ကျော်လင်းထွန်း သည် အဆောင်တွင်း အကျဉ်းသား ၈၀၀ ဝန်းကျင်ကို ရေချိုးချိန် တစ်နာရီခန့်သာ ပေးခြင်းနှင့် ထောင်ဝင်စာ ပါဆယ်များကို ညနေပိုင်းတွင်သာ ထုတ်ပေးခြင်းကြောင့် ပါဆယ်များနောက်ကျကာ မကောင်းသည့် အစားအစာများ စားရသဖြင့် အကျဉ်းသားအချို့ ဝမ်းလျှောခြင်းများဖြစ်နေကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)က ယနေ့(ဇန်နဝါရီ၂၁ရက်)သတင်း ထုတ်ပြန်သည်။
“သူက သူနဲ့မတည့်တဲ့သူတွေပေါ့နော်။ သူနဲ့မတည့်ဘူးဆိုလို့ရှိရင် ပုံစံအခန်းထဲကို ပို့တယ်ပေါ့။ပုံစံမောင်းတယ်ဆိုတဲ့ အခန်းသပ်သပ်ရှိတယ်။ အဲဒီပုံစံမောင်းတဲ့ထဲကို ထည့်တာမျိုးတွေ။ အဲဒီမှာ ပုံစံမောင်းတဲ့အခန်းဖြစ်တဲ့အတွက်ပေါ့နော်။ ပိုပြီးတော့မှ ကျပ်တဲ့အခြေအနေပေါ့နော်။ နေထိုင်ရတာမျိုးတွေ ရှိတယ်”ဟုPPNM ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက MPA သို့ပြောသည်။
သပြေဆောင် ၁နှင့် ၂ သို့ရောက်လာသည့် အကျဉ်းသားတိုင်း အလုပ်ကြေး(ဘောက်ဆင်း) ကျပ်၅သောင်း နှင့် အခန်းပြောင်းကြေး ၅သောင်း ပေးရလေ့ရှိပြီး မပေးနိုင်ပါက အဆောင်မှူး ကျော်လင်းထွန်း စိတ်ကြိုက်အခန်းများတွင် နေခိုင်းလေ့ရှိကာ တစ်လလျှင် ၂ ကြိမ်ခန့် အခန်းပြောင်းခိုင်းကြောင်း သိရသည်။
“မပေးဘူးဆိုလို့ရှိရင် အလုပ်တွေကိုလည်း ခိုင်းတယ်။ အလုပ်ခိုင်းတဲ့နေရာတွေမှာလည်း ဘာတွေခိုင်း လဲဆိုလို့ရှိရင် မြောင်းတိုက်သန့်ရှင်းရေး လုပ်ရတာတွေ။ အမှိုက်ကန်ဆိုရင်လည်း အစိုကန်တွေ၊ အခြောက်ကန်တွေ အဲဒီမှာခိုင်းတာတွေပေါ့နော်။ ချိုးရေကန် သန့်ရှင်းရေးလုပ်ရတာတွေ။ ပြီးရင် တောင်ယာအလုပ်တွေလုပ်ရတာတွေ အဲလိုတွေဆိုရင်လည်း တစ်နေရာတည်းကို ဘုတ်တွေက သတ် မှတ်ထားတာမဟုတ်ဘဲနဲ့ သူခိုင်းချင်တဲ့အပေါ် မူတည်ပြီးတော့ အလုပ်တွေခိုင်းတာမျိုးတွေရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ဘောက်ဆင်းကြေးနှင့် အခန်းပြောင်းကြေးမပေးနိုင်သည့် နိုင်ငံရေးအကျဉ်းသား မောင်စောဖြူဖွေးကို အလုပ်ချိန်အတွင်း ထောင်ပုံစံအင်္ကျီချွတ်၍ ချွေးသုတ်နေခြင်းအပေါ် ထောင်ပုံစံအင်္ကျီချွတ်သည်ဟု ဆိုကာ ကျော်လင်းထွန်းက ၎င်း၏ခါးပတ်ဖြုတ်ပြီး နောက်ကျောအား အချက်များစွာ ရိုက်နှက်ကာ ခါးပတ်ခေါင်းဖြင့်လည်း မျက်နှာကို ၂ ချက်ရိုက်ခဲ့သေးကြောင်း သိရသည်။
“အဲဒီအချိန်မှာပဲ နိုင်ငံရေးအကျဉ်းသားတွေကလည်း ရောက်လာတယ်ပေါ့နော်။ မတရားနှိပ်စက် ခံရတာကို မြင်တော့ နိုင်ငံရေးအကျဉ်းသားတွေက မောင်စောဖြူဖွေးရဲ့ နားကို ရောက်လာတယ်။ ရောက်လာတဲ့အခါကျတော့ အဆောင်မှူးရုံးခန်းကို သူတို့က သွားကြတယ်။သွားတဲ့အခါမှာ ကျော် လင်းထွန်းက မောင်စောဖြူဖွေးက အပြစ်ရှိလို့ သူတို့လုပ်တာ။နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ဂရုမစိုက်ဘူးဆိုပြီးတော့ကို ပြောတယ်ပေါ့နော်။ ၂၀၂၅ ခုနှစ် ၈ လပိုင်းထဲမှာပဲ သူတို့ အဲဒီလိုပြော ခံရတယ်။ အဲဒီပြဿနာတွေဖြစ်ပြီးတဲ့အခါကျမှပဲ မောင်စောဖြူဖွေးကို ဘောက်ဆင်းကြေးတွေ ၊ အခန်းပြောင်းကြေးတွေကို မတောင်းဘဲနဲ့ သူတို့ရဲ့ အခန်းသူကြီးကနေမှ ဖျက်ပေးလိုက်တယ်။ ဖျက်ပေးလိုက်ပြီးတော့မှ အခုဆိုရင် လက်ရှိမှာ မောင်စောဖြူဖွေးက အလုပ်လည်းလုပ်စရာမလို တော့ဘဲ အခန်းလည်း တိတိကျကျရှိသွားပြီ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
မောင်စောဖြူဖွေးဖြစ်စဉ်ပြီးနောက် အဆောင်မှူးက အဆောင်တွင်း လှည့်လည်ကာ နိုင်ငံရေး အကျဉ်းသားများကို ဂရုစိုက်ရန်မလိုအပ်ဟု ပြောခဲ့ပြီး ဒုအဆောင်မှူး တပ်ကြပ် စိုးမင်းထွန်းကလည်း “နိုင်ငံရေးအကျဉ်းသားမို့လို့ ခိုင်းလို့မရတာ မရှိဘူး”ဟုကြိမ်းဝါးခဲ့သေးကြောင်း သိရသည်။
အဆောင်မှူး ကျော်လင်းထွန်းသည် မူးယစ်မှုဖြင့် အကျဉ်းကျနေသူ ၂ ဦးကို ၎င်း၏ လုံခြုံရေးအဖြစ် ခန့်အပ်ထားသေးသည်။
ကျော်လင်းထွန်းသည် ၂၀၂၁ ခုနှစ်၊ မြိတ်ထောင်တွင် တာဝန်ကျစဉ်က နိုင်ငံရေးအကျဉ်းသားများကို ခြေကျင်းခတ်၍ ရိုက်နှက်ခဲ့ပြီး လွိုင်ကော်ထောင်သို့ ပြောင်းရွှေ့ချိန်တွင်လည်း လာဘ်စားခြင်းနှင့် ရိုက်နှက်ခြင်းတို့ ပြုလုပ်ခဲ့သေးကာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ ရက်၌ ရာထူးတိုးဖြင့် အင်းစိန်ထောင်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
