ကရင်ပြည်နယ် ၊ ကြာအင်းဆိပ်ကြီးမြို့အနီးတွင် ရော်ဘာခြစ်နေသည့် အမျိုးသမီးကို စစ်တပ်က အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၀ ရက်၊ ညနေ ၆ နာရီ ၄၂ မိနစ်ခန့်တွင် ကြာအင်းဆိပ်ကြီးမြိုနယ် ၊ ဝါးဘိုးကုန်းကျေးရွာ ၊ အေးချမ်းသာယာရပ်ကွက်နေ မခင်ဝိုင်း(၄၁နှစ်) ရော်ဘာခြစ်နေစဉ် ကြာအင်းဆိပ်ကြီးအခြေစိုက် ခလရ ၂၈၄ စစ်သားတို့က ပစ်ခတ်ခဲ့ရာ ဦးခေါင်း ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Phoneix-Special Warfare Force က ယနေ့(ဇန်နဝါရီ ၂၁ ရက်) သတင်းထုတ်ပြန်ထားသည်။
“စစ်ကြောင်းနဲ့ တိုးတာတော့ မဟုတ်ဘူးဗျ။ သူ့ခြံထဲမှာပဲ ရော်ဘာခြစ်နေတုန်း အပစ်ခံရတာပါ။ သူ့ခြံက ၂၈၄ တပ်(ခလရ ၂၈၄)နဲ့ နီးပါတယ်။ ခေါင်းကိုထိတာပါ။ နားနောက်ဘက်က ကျည်ဝင်သွားတာပါ။ ပစ်ခတ်ပြီး ခဏနေတော့ သိရတာပါဗျ။ သူ့အမျိုးသားရှိပါသေးတယ်။ အဲဒီနေ့က သူ့အမျိုးသား မင်္ဂလာဆောင်သွားနေလို့ သူတစ်ယောက်တည်းဗျ။ Body က ဒီမနက်ပိုင်းမှပြန်ရတာပါဗျ”ဟု Phoneix-Special Warfare Force မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
သေဆုံးသူ မခင်ဝိုင်းတွင် အသက်၁၁ နှစ်အရွယ်ရှိ သားတစ်ဦးကျန်ခဲ့ကြောင်း သိရသည်။
“သူတို့တွေက မြင်းဆေး ၊ အရက် အလွန်အကျွံ သုံးစွဲကြပါတယ်။ ပြီးတော့ သူတို့ဆီမှာ ကျနော်တို့ တက်လာမယ်ဆိုပြီး စိုးရိမ်စိတ်ရှိတာပေါ့နော်။ အဲဒါကြောင့် လူတွေ့တဲ့အခါ ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက် ပစ်ခတ်သွားတယ်လို့တော့မြင်ပါတယ်ဗျ။ တိုက်ပွဲ ဖြစ်ပွားတာတော့ မရှိပါဘူးခင်ဗျ။ ဒါပေမယ့် ရွေးကောက်ပွဲကြောင့် စကစဘက်ကနေပြင်ဆင်လှုပ်ရှားမှုတွေတော့ရှိပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ဝါးဘိုးကုန်းရွာသည် ကြာအင်းဆိပ်ကြီးမြို့နှင့် ကိုက် ၂၀၀ သာဝေးပြီး စစ်တပ်က ရွေးကောက်ပွဲ မကျင်းပနိုင်ဟု ကြေညာထားသည့် ကျခတ်ချောင်းကျေးရွာအုပ်စုတွင် ပါဝင်သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်သည် ဇန်နဝါရီ ၂၅ ရက်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း ၃ ၌ပါဝင်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်၊ကျိုက်ဒုံမြို့ ရပ်ကွက် ၆ခု၊ဘုရားသုံးဆူမြို့ ရပ်ကွက်၄ခုနှင့် ကျေးရွာအုပ်စု ၅၀ တို့တွင် ရွေးကောက်ပွဲ မလုပ်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
