မင်းဘူးနှင့် အထက်မင်းလှတွင် သိန်း ၅၀၀ ခန့်တန်ဖိုးရှိ စစ်တပ်ထုတ်ကုန်များ တွေ့သော်လည်း မသိမ်းဆည်းဘဲ နောက်မသုံးရန်သာ USBA စည်းရုံးခဲ့

ဓာတ်ပုံ - ဗမာပြည် ကာကွယ်ရေးတပ် (USBA)
ပုံစာ - စစ်တပ်စိုးမိုးနယ်မြေအတွင်း‌ တွေ့ရသည့် စစ်တပ်ထုတ်ကုန်များ

မကွေးတိုင်း ၊ မင်းဘူးနှင့် အထက်မင်းလှမြို့နယ် စစ်ကော်မရှင်စိုးမိုးဒေသများတွင် ကျပ်သိန်း ၅၀၀ ခန့် တန်ဖိုးရှိ စစ်တပ်ထုတ်ကုန်များကို တွေ့ရှိသော်လည်း မသိမ်းဆည်းဘဲ နောက်နောင် ရောင်းဝယ်ခြင်း မပြုရန် စည်းရုံးခဲ့ကြောင်း United States of Burma Army -USBA က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၉ ရက် ၊ ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့တွင် သွေးစွန်းငွေဖြတ်တောက်ရေးအဖြစ် မင်းဘူးမြို့ နယ်အတွင်းရှိ စစ်တပ်စိုးမိုးထိန်းချုပ်ထားရာ မကျီးသုံးပင် ၊ ရေပေါ်ကြီး ၊ ရေပေါ်လေး ၊ ချောင်းဖြူ ၊ သီးကုန်း ၊ ကျွန်းပြား ၊ ဓာတ်ကုန်း ၊ ကန်သာယာ(ခရုကန်) ကျေးရွာများ နှင့် အထက်မင်းလှမြို့နယ်မှ ကျောက်ပုံ၊နွားလဲ ၊ ၀က်‌မြေကန် ၊ နဂါးအိုင် ၊ အိုးဘိုကုန်း ၊ ရေပေါ် ၊ စစ္စနို့ ၊ တောင်ဦး ၊ ပြည်စိုးနှင့် ရွာသာလှ ကျေးရွာများ၌ စစ်တပ်ထုတ်ကုန်များကို စစ်ဆေးခဲ့ကာ နောက်နောင် ရောင်းဝယ် ဖောက်ကား သုံးစွဲခြင်းမပြုရန် ဆွေးနွေးစည်းရုံးခဲ့ကြောင်း သိရသည်။

“ရွာတိုင်းရွာတိုင်းမှာကို တွေ့ရတာဖြစ်တယ်ပေါ့နော်။ ဘယ်ရွာမဆိုကို တွေ့ရတာဖြစ်တယ်။ တနိုင်တပိုင် သူတို့ရဲ့ရောင်းဝယ်ဖောက်ကားမှုတွေပေါ့နော်။ တစ်ရွာ၊တစ်ရွာဆိုရင် သိန်း ၁၄၊၁၅ သိန်း ၂၀ ဖိုးပေါ့နော်။ အဲဒါမျိုးတွေ့ရပါတယ်။ ရွာလည်းတော်တော်များတာဆိုတော့ ကျနော်တို့ မသိမ်းဆည်းခဲ့ဘဲနဲ့ ပြန်ပေးခဲ့တဲ့ ပစ္စည်းတွေ အားလုံးကို စုစုပေါင်းမယ်ဆိုရင်တော့ သိန်း လေး ၊ ငါးရာဖိုးတော့ ရှိပါတယ်”ဟု ဗမာပြည်ကာကွယ်ရေးတပ်(USBA) တာဝန်ခံ ကိုဗဟိန်းက MPA သို့ပြောသည်။

ယင်းရွာများတွင် တွေ့ရှိခဲ့ရသည့် စစ်တပ်ထုတ်ကုန်များတွင် အရက် ၊ ဘီယာနှင့် ဆေးလိပ် အများဆုံးဖြစ်ပြီး ဘိလပ်မြေလည်း ပါဝင်ကြောင်း သိရသည်။

ပြည်သူလူထုမနစ်နာစေရန်အတွက် ပညာပေးကာလ တစ်လ သတ်မှတ်ကာ လက်ကျန် စစ်တပ်ထုတ်ကုန်ပစ္စည်းများကို ထိုတစ်လအတွင်း ရောင်းချပြီးသည်နှင့်ထပ်မရောင်းတော့ရန် ပြောကြားခဲ့ကြောင်း သိရသည်။

“အဲဒီနယ်မြေတွေက အခုမှ ကျနော်တို့ ပထမဦးဆုံးအကြိမ်ဝင်ရတဲ့ နယ်မြေတွေ ဖြစ်တယ်ပေါ့နော်” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းသို့ USBA ၏ စစ်ဆေးစည်းရုံးမှုများကို စစ်တပ်ထံ သတင်းရောက်သွားသဖြင့် မင်းဘူးမြို့နယ် အတွင်း စစ်သားအင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေပြီး အထက်မင်းလှမြို့နယ်တွင်လည်း အင်အား ၈၀ ခန့်ဖြင့် ယနေ့(ဇန်နဝါရီ ၂၁ ရက်)အထိ စစ်ကြောင်းထိုးလျက်ရှိကာ လက်နက်ကြီးများ လည်းရမ်းသန်း ပစ်ခတ်မှုရှိကြောင်း သိရသည်။

ယင်းဒေသများက ပြည်သူများသည်တော်လှန်ရေး ရဲဘော်များကို ယခုမှသာ မြင်ဖူးသော်လည်း ဝမ်းပန်းတသာကြိုဆိုသကဲ့သို့ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကြောက်လန့်မှုများလည်း ရှိကြောင်းထုတ်ပြန်ထားသည်။