သိန်း ၂၀၀ နှင့် ပြန်မရွေးနိုင်သဖြင့် စစ်မှုထမ်းတပ်သားဖြစ်လာသူ လက်နက်နှင့် အလင်းဝင်

ဓာတ်ပုံ - Yaw Revolution Army - ထီးလင်း
ပုံစာ - အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သား

ကျပ်သိန်း ၂၀၀ နှင့် ပြန်မရွေးနိုင်သဖြင့် စစ်မှုထမ်းတပ်သား ဖြစ်လာသူတစ်ဦး လက်နက်နှင့်တကွ Yaw Revolution Army – ထီးလင်းထံသို့ အလင်းဝင်လာကြောင်း သိရသည်။

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့နယ်တွင် ပေါ်တာဆွဲခံရပြီးနောက် ငွေ သိန်း ၂၀၀ ဖြင့်ပြန်မရွေးနိုင်ခဲ့ သဖြင့် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၂ တက်ခဲ့ရသည့် တပ်သား အောင်ကျော်မင်းသည် ဇန်နဝါရီ ၂၀ ရက်တွင် ဆက်သွယ် အလင်းဝင်လာခဲ့‌ခြင်းဖြစ်ကြောင်း ဂန့်ဂေါခရိုင်တပ်ရင်း(၁၅ ၊ ၁၆ ၊ ၁၇) YRA ထီးလင်းက သတင်းထုတ်ပြန်ထားသည်။

” သူပေါ်တာဆွဲခံရတာက ၂၃ ရက် ၄ လ ၂၀၂၅ ပါ။ သိန်း ၂၀၀ နဲ့ရွေးခိုင်းတယ်။ မရွေးနိုင်တော့လို့ စစ်မှုထမ်းသင်တန်း တက်လိုက်ရတာပါ”ဟု YRA ထီးလင်းမှ ပြန်ကြားရေး တာဝန်ခံက MPA သို့ပြောသည်။

၎င်းနှင့်အတူ MA3 သေနတ် တစ်လက် ၊ ကျည်ဘောက်တစ်ခုနှင့် ကျည်အချို့ ပါလာသဖြင့် ဆုကြေးငွေ ကျပ်သိန်း ၅၀ ခန့်ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

“သူထွက်လာတဲ့ လမ်းတလျှောက်ကတော့ သိပ်ပြီးအခက်အခဲမရှိဘူးပေါ့လေ။ ကျနော်တို့ သေချာချိတ်ဆက်ထားတာ ဖြစ်တဲ့အတွက်။ သူ့တပ်ကလည်း လိုက်ပြီးရှာခိုင်းတာမျိုး အခုထိတော့ မရှိသေးပါဘူးဗျ”ဟု ၎င်းကဆက်လက်ပြောသည်။

အောင်ကျော်မင်းသည် သင်တန်းဆင်းပြီးနောက် တပ်မ ၉၉ လက်အောက်ခံ ခမရ ၃၁၅ တပ်ရင်း တွင် တာဝန်ကျခဲ့ပြီး မကွေးတိုင်း၊ငဖဲမြို့နယ်အတွင်းရှိ နတ်ရေကန်၊ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာနှင့် ဇန်နဝါရီ၁၃ရက်က ထီးလင်းမြို့သို့ ပြောင်းရွှေ့တာဝန်ချခံရခြင်းဖြစ် သည်။

၎င်းနှင့် စစ်သား ၁၂၀ခန့်တို့ကို ထီးလင်းမြို့စစ်တပ်သို့ Mi17 ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ် ပြီး စစ်သား၁၂၀ထဲတွင် စစ်မှုထမ်းတပ်သားသစ် ၄၀ခန့် ပါဝင်ကြောင်း သိရသည်။